နေပြည်တော် ဧပြီ ၂၂
ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာ၊ သာသနာကို အရှည်တည်တံ့တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မော်လမြိုင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက (၃၈) ဖြာမင်္ဂလာကဗျာများဖြင့် သီဆိုသရုပ်ပြမှုအား ကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါသင်တန်းကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူ ၈၀ ဖြင့် မေ ၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်