နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့နံနက်ပိုင်းတွင် ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ပြည်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား အသီးသီးတင်ပြ
ဦးစွာ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ပြည်မြို့သာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိမှုနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများအောင်မြင်မှုရှိစေရေး ဇုန်အလိုက်သတ်မှတ်၍ မွေးမြူဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိမှု၊ ခရိုင်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားလာစေရေး ဆောင်ရွက်လျက်ရှိမှု၊ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုပိုမိုကောင်းမွန်စေရေး နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ခရိုင်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှုနှင့် ဥယျာဉ်ခြံမြေသီးနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှု၊ ဆီထွက်သီးနှံ နှမ်းအား ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပြည်ခရိုင်အတွင်း ဒေသဝမ်းစာဖူလုံမှုရှိစေရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း စိုက်ပျိုးရေ တိုးတက်လွှမ်းခြုံဖြန့်ဝေပေးဝေနိုင်မှု၊ ပြည်ပပို့ကုန် ဈေးကွက်သစ်ရရှိရေးအတွက် ပေါ်ဆန်းမွှေး မျိုးစပါးအား စမ်းသပ်စိုက်ပျိုးလျက်ရှိမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိမှုနှင့် ဆီဖူလုံမှု၊ ခရိုင်အတွင်း အသား၊ ဥ၊ နို့ ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ဖူလုံမှု၊ ငါးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ငါးထုတ်လုပ်မှုနှင့် ဖူလုံမှု၊ တိုင်းဒေသကြီးအတွင်း လိုအပ်ချက်ရှိသည့်နေရာများ၌ ပညာရေးဝန်ထမ်းများ ဖြည့်တင်းခန့်အပ်ပေးစေလိုမှုတို့နှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြို့မမြို့ဖများက နိုင်ငံတော်အနေဖြင့် ပြည်မြို့ကမ်းနားလမ်းတစ်လျှောက်အား အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေသခံပြည်သူများက ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိမှု၊ ပြည်မြို့ခရီးသွားလာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးဆောင်ရွက်ပေးစေလိုမှု၊ ရထားခရီးစဉ်ပြေးဆွဲမှုအား အဆင့်မြှင့်တင်ဆောင်ရွက် ပေးစေလိုမှု၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှချေးငွေများ ထပ်မံချထားပေးစေလိုမှု၊ ပြည်မြို့အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးစေလိုမှု၊ ပြည်တွင်းဆီစက်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှချမှတ်ပေးထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်၍လည်း ဈေးကွက်ဝေစုပိုမိုရရှိရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လိုအပ်သည့်မူဝါဒများကို ဆက်လက်လမ်းညွှန်ပေးစေလိုမှု၊ ပြည်တွင်းခရီးသွားလာမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အများသုံးသန့်စင်ခန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေးပြောကြား
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးကိုကိုလွင်တို့က ဝန်ကြီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်တစ်ဝှမ်း တည်ငြိမ်မှုနှင့်အေးချမ်းသာယာမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိမှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်မှစ၍ ယခုနှစ်အထိ နှစ်အလိုက် အမှုအခင်းများဖြစ်ပွားမှုနှင့် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသည်ကိုတွေ့ရှိရမှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုမှ ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်သွားရန်လိုအပ်မှု၊ မကြာမီကျင်းပပြုလုပ်သွားမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဆောင်ရွက် သွားနိုင်ရေးစီမံထားရှိမှု၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူကို ဗဟိုပြုသည့်လုံခြုံရေးစနစ်ဖြစ်သဖြင့် ပြည်သူလူထုတစ်ရပ်လုံးမှလည်း လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည့်ပူးပေါင်းပါဝင်မှုများကို ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုမှု၊ သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေအတွင်း စနစ်တကျဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေး၊ ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ မြို့ဟောင်းကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ၊ ကျုံးများပြန်လည်တူးဖော်ရန် ဆောင်ရွက်လျက်ရှိမှု၊ ဆီစက်လုပ်ငန်းများမှထွက်ရှိလာသည့် ကြိတ်ဖက်များသည် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် ပြည်ပမှ တိရစ္ဆာန်အစာများတင်သွင်းနေမှုကို လျှော့ချနိုင်မှု၊ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်ငွေကြေးများအား နိုင်ငံတော်မှ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိမှု၊ ပြည်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ဆက်လက်တူးဖော်ထွက်ရှိနိုင်မှု၊ ပြည်ရေနံမြေမှ ရေနံထုတ်လုပ်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မှုနှင့် ပြည်တောင်တန်းရေနံမြေမှ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်လျက်ရှိမှု၊ ပြည်ဒေသတွင် နိုင်ငံအတွက် စွမ်းအင်အရင်းအမြစ်အဆောက်အဦများရှိမှု၊ အခြေခံအရင်းအမြစ်များကို ထိန်းသိမ်းရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုမှုတို့နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအဆင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်သို့ တင်ပြဆောင်ရွက်သွားရန်လိုသည်များကို ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
တင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိတို့စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ပညာရေးဝန်ထမ်းအများစုသည် လုပ်ငန်းခွင်စွန့်ခွာမှုများကို သစ္စာမဲ့စွာဖြင့် လုပ်ဆောင်ခဲ့ကြသောကြောင့် နိုင်ငံအတွင်း ပညာရေးဝန်ထမ်းများ လိုအပ်ချက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အချို့ပညာရေးဝန်ထမ်းများအနေဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်း ရိုက်ခတ်မှုတို့ကြောင့် လုပ်ငန်းခွင်စွန့်ခွာခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ထိုသို့စွန့်ခွာခဲ့ရသူများအား အခွင့်အရေးပေးသည့်အနေဖြင့် ပြန်လည်သတင်းပို့သူများကို လုပ်ငန်းခွင်စွန့်ခွာသူများစာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်၍ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်စွန့်ခွာမှုများကို ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများက အများဆုံးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေမှု အခက်အခဲအကြပ်အတည်းများ၊ နိုင်ငံရေးပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာရေးဝန်ထမ်းလိုအပ်ချက်များ စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် ကျော်လွှားခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုကြောင်း၊ တင်ပြချက်များတွင်ပါဝင်သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်လည်း အင်တိုက်အားတိုက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ရှိသည့်အဖွဲ့အစည်းများအပြင် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပါဝင်မှသာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အများသုံးသန့်စင်ခန်းများ အဆင့်မြှင့်တင်ရေးနှင့် သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးစေလိုမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသည့်ဝန်ထမ်းများအပြင် စည်းနှင့်ကမ်းနှင့်သုံးစွဲတတ်သည့်၊ နေထိုင်သွားလာတတ်သည့် လူ့ဘောင်အဖွဲ့အစည်းနှင့် လူ့အသိုက်အဝန်းများဖြစ်ရန်လည်းလိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများကတည်းကပင် အခြေခံစည်းကမ်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ပင်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံးစည်းကမ်းကောင်းမွန်ရေးအတွက် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြမှသာလျင် စည်းကမ်းစနစ်တကျရှိပြီး သန့်ရှင်းသာယာလှပသည့် ဒေသ၊ မြို့တော်နှင့် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေး
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့်ပတ်သက်၍ ခရီးသွားကဏ္ဍတွင် တည်းခိုရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှု၊ လက်ဆောင်ပစ္စည်းများရောင်းချခြင်း စသည့်တို့ပါဝင်နေကြောင်း၊ ပြည်တွင်းခရီးသွားလာမှုတွင် ဘုရားဖူးခရီးသွားခြင်းသည် အများဆုံးဖြစ်ကြောင်း၊ မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ဝန်ဆောင်မှုကောင်းပေးနိုင်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်လိုကြောင်း၊ မိမိတို့ဒေသသို့ လာရောက်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် ဒေသ၏အထင်ကရနေရာများ၊ ဒေသ၏သာယာလှပမှုများကို ခံစားလည်ပတ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် တစ်ဦးချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ဖြစ်စေရန်ဆောင်ရွက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ရုံး၊ ဌာနအလိုက် လမ်း၊ တံတား၊ အဆောက်အဦများကို စနစ်တကျထိန်းသိမ်းခြင်းဖြင့် ဒေသသာယာလှပမှုကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မြို့တွင်း ရေစီးရေလာများ ကောင်းမွန်စေရေးအတွက်လည်း အမှိုက်များကင်းစင်အောင် ဆောင်ရွက်သကဲ့သို့ ဒေသသာယာလှပရေးအတွက် မည်ကဲ့သို့ကောင်းမွန်အောင် ဆောင်ရွက်မည်ကို စဉ်းစားတွေးခေါ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသခံများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြစ်ရန်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများအတိုင်း လိုက်နာနေထိုင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်ဥပဒေများကို လိုက်နာမှုမရှိဘဲ ကျော်လွန်လုပ်ဆောင်ခဲ့မှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာ တွင်ကန့်သတ်ချက်များဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ပြည်တွင်းလည်ပတ်သုံးစွဲငွေများများလာခြင်း၊ Non-Trade Income များရရှိလာခြင်း၊ ထုတ်ကုန်ပစ္စည်းများရောင်းချရခြင်း၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုလည်ပတ်လာစေခြင်းတို့ကိုလည်း ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ဒေသနှင့် နိုင်ငံတော်၏လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်
မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရချိန်အတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ပြီး စီးပွားရေးအားကိုမြှင့် တင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆိုသည့်အတိုင်း ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်လိုကြောင်း၊ ထုတ်ကုန်များထုတ်လုပ်ရာတွင်လည်း အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုပြီး ပြည်တွင်းမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးအား ကောင်းမွန်လာစေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ခေတ်အဆက်ဆက်အစိုးရများအနေဖြင့်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာမူဝါဒများ၊
လမ်းညွှန်ချက်များ အများအပြားချမှတ်ဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သည်များရှိခဲ့သကဲ့သို့ မျှော်မှန်းသည့်အတိုင်း ဖြစ်မလာခဲ့သည်များလည်းရှိကြောင်း၊ ထို့ပြင် ကျင့်သုံးဆောင်ရွက်ခဲ့သည့် နိုင်ငံရေးစနစ်များ၌ အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရပိတ်ဆို့မှုများ၊ မှောင်ခိုစီးပွားရေးစနစ်ဖြစ်ပေါ်လာမှုများ၊ သယံဇာတများ ခိုးထုတ်ခံရမှုများ၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းမှုများလည်း ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်များလည်းရှိခဲ့ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင် ရည်မှန်းချက်ပြည့်မီစွာ ထွက်ရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေကြသူများကို မြေပြင်ကွင်းဆင်း၍ လိုအပ်ချက်များသုတေသနပြုမေးမြန်းခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစွာဆောင်ရွက်နိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေးအားကောင်းလာမည်ဖြစ်သကဲ့သို့ သွင်းကုန်ပစ္စည်းများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်ခရိုင်အတွင်း စားသုံးဆီဆီဖူလုံမှုမှာ ၅၀၀ ရာခိုင်နှုန်းခန့်ရှိသည်ဟုသိရှိရပြီး ဆီထွက်သီးနှံများကို ယခုထက်ပိုမိုတိုးတက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
ပြည်ခရိုင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ယခုထက်ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ MSME ထုတ်ကုန်များထုတ်လုပ်ရာတွင် ပစ္စည်းအရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်သကဲ့သို့ ထုပ်ပိုးမှုစနစ်များကိုလည်း အဆင့်မီစွာဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်တွင်း MSME လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန်လိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ဝါများမှတစ်ဆင့် အရည်အသွေးပြည့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် MSME လုပ်ငန်းများကိုဆောင်ရွက်၍ အရည်အသွေး ပြည့်မီသည့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဒေသတွင်းဖူလုံမှုမှ ပိုလျှံသည်များကို ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချနိုင်ကြောင်း။
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး
မကြာမီရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့်မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းမပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင်လည်း နိုင်ငံနှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာဆောင်ရွက်နိုင်သူ၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်ရှိနေသရွေ့တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သည့်သူများဖြစ်ရန်လိုကြောင်း၊ သို့ဖြစ်၍ ဆန္ဒမဲများပေးရာတွင် လူရွေးချယ်မှုမှန်ကန်ရန်လိုပြီး နိုင်ငံတော်မှလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်ပါက မဲစာရင်းတွင်ပါဝင်သူများအားလုံး ဆန္ဒမဲပေးကြရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ လယ်ယာသုံးထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်ရှိ ဒွတ္တဘောင်မင်းကြီးတည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် အထင်ကရစေတီတစ်ဆူဖြစ်သည့် ဘောဘောကြီးစေတီသို့ရောက်ရှိကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက စေတီတော်ကြီးအား ရှေးမူလက်ရာမပြတ် ထိန်းသိမ်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦများသည် တန်ဖိုးဖြတ်၍မရနိုင်သည့် အမွေအနှစ်များဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ စေတီတော်ကြီးလုံးပတ်တော်ပေါ်၌ သစ်ပင်ငယ်များပေါက်ရောက်နေခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ် ဖယ်ရှားရှင်းလင်းသွားရန်လိုကြောင်း၊ စေတီတော်ပရိဝုဏ်နှင့်အနီးတစ်ဝိုက်တွင် ချုံနွယ်များအား ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် လက်သည်းရေကန်ကျောင်းတိုက် (ခ) သုံးပန်လှကျောင်းဝင်းအတွင်းရှိ နှစ်ထပ်အုတ်တိုက်အား ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
