Skip to main content

ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၇

၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံ၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမားမောင်မယ်များအား နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ကျင်းပသည့် မင်္ဂလာရှိသောအခမ်းအနားဖြစ်ပါကြောင်း။

ဂုဏ်ယူဖွယ်ရာတွေ့ရှိရ

အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြနှစ်ဦး၊ အားကစားသမားအမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်းရှစ်ဦးစေလွှတ်ပြီး Event ၁၆ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ခုနစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားခြောက်ဦးလုံးအနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတွင် တစ်ဦးမကျန် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များမလွတ်တမ်း ဆွတ်ခူးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရှိရပါကြောင်း။

အလားတူ အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ကျွန်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၃၄ နိုင်ငံအနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြ သုံးဦး၊ အားကစားသမားအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်းခုနစ်ဦး စေလွှတ်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်းဆုတံဆိပ် ငါးခုဆွတ်ခူးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၈ နည်းတွင် အုပ်ချုပ်နည်းပြ၊ အားကစားသမား ၆၉၈ ဦး၊ ပင်မအုပ်ချုပ်မှုအဖွဲ့ ၉၁ ဦး စုစုပေါင်း ၇၈၉ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ရွှေတံဆိပ်သုံးခုအပါအဝင် ဆုတံဆိပ် ၇၂ ခုနှင့် နိုင်ငံအလိုက် အဆင့် (၇) ရယူပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်းတွင် အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခုအပါအဝင် စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရရှိခဲ့ကြပြီး နိုင်ငံအလိုက် အဆင့် (၈) သာ ရရှိခဲ့ပါကြောင်း၊ ယခု (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့် (၇) ကို ရရှိခဲ့ခြင်းကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါကြောင်း၊ သို့သော် ဆုတံဆိပ်ရရှိမှုတွင် နည်းလာသည်ကို တွေ့ရသည့်အတွက် လာမည့်ပြိုင်ပွဲများတွင် ယခုထက် အောင်မြင်မှုရအောင် ပိုမိုကြိုးစားကြရန် မှာကြားလိုပါကြောင်း။

ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်း ၃၈ နည်းအနက် ခြင်းလုံးအားကစားနည်းနှင့် ဘိလိယက်နှင့် စနူကာအားကစားနည်းနှစ်ခုတွင် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်ခုနစ်ခုရရှိခဲ့ပါကြောင်း၊ ကျန်အားကစားနည်း ၃၆ ခု အနက် အားကစားနည်း ၁၆ ခုတွင် ငွေတံဆိပ် ၁၇ ခု နှင့် ကြေးတံဆိပ် ၄၁ ခုရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အားကစားနည်းများသည် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ရွှေတံဆိပ်မရရှိခဲ့ကြသော်လည်း နိုင်ငံတော်အတွက်အမြင့်ဆုံးအဆင့်အထိ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည့်အတွက် အားရကျေနပ်စရာကောင်းပါကြောင်း၊ တချို့ပြိုင်ပွဲများတွင် တစ်ဖက်ပြိုင်ဘက်အသင်းနှင့် အစွမ်းအစသိပ်မကွာဘဲ တန်းတူယှဉ်ပြိုင်နိုင်သော်လည်း အနိုင်မရရှိခဲ့ခြင်းသည် မည်သည့်အတွက်ကြောင့်ဆိုသည့် အားနည်းချက်ကိုရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားကြမည်ဆိုပါက ယခုထက်အောင်မြင်မှုများ ပိုရနိုင်လိမ့်မည်ဟု သုံးသပ်မိပါကြောင်း။

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၁ ခု၊ အားကစားသမား ၉၇ ဦး၊ အုပ်ချုပ်နည်းပြ ၄၇ ဦး၊ ဒိုင်လူကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၁၄၅ ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၂၀ စုစုပေါင်းဆုတံဆိပ် ၅၉ ခုရရှိပြီး ပြိုင်ပွဲဝင် (၁၁) နိုင်ငံအနက် အဆင့် (၆) ဖြင့် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ ၁၅ ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၅၇ ခုရရှိပြီး နိုင်ငံအလိုက် အဆင့် (၆) ရရှိ ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ယခင်အကြိမ်ကထက် ရွှေတံဆိပ်ငါးခု ပိုမိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဆုတံဆိပ်အရေအတွက် နှစ်ခုပိုမိုဆွတ်ခူးရရှိခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကြိုးစားယှဉ်ပြိုင်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်က ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း ရွှေတံဆိပ်တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ ၃၀၀၊ ငွေတံဆိပ်တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ ၂၀၀၊ ကြေးတံဆိပ်တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ ၁၀၀ ချက်ချင်းချီးမြှင့်ခဲ့ပါကြောင်း။

ယင်းပြိုင်ပွဲမှတ်တမ်းများအရ မြန်မာနိုင်ငံက မသန်စွမ်းအားကစားသမားများသည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြသူများဖြစ်သည်ဟု မှတ်တမ်းတင်ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် တစ်ခုတည်းကပဲ အားကစားနည်း ၁၁ နည်းကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီမံဆောင်ရွက်ရာတွင် ပြိုင်ပွဲတိုင်း မျှော်မှန်းဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံအလိုက် အဆင့် (၆) ရရှိခြင်းသည် အားကစားတိုးတက်ရန် အဖွဲ့ချုပ်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါသည်ဆိုသည်မှာ သိသာထင်ရှားပါကြောင်း။

အလေးထားကြိုးစားဆောင်ရွက်

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း ၁၁ နည်းအနက် ပြေးခုန်ပစ်၊ ရေကူးနှင့် ဘော်လီဘောအားကစားနည်းတို့မှ ရွှေတံဆိပ် ၂၀၊ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံးအားကစားနည်းတို့က ငွေတံဆိပ် ၁၉ ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ အလေးမနှင့် ဂိုးလ်ဘောအားကစားနည်းတို့က ကြေးတံဆိပ် ၂၀ ရရှိခဲ့ပါကြောင်း၊ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ကရရှိခဲ့သည့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များသည် အိုလံပစ်အားကစားနည်းများဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ဘော်လီဘော စသည့်အားကစားနည်းများဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် နောက်ထပ်အဆင့်တစ်ခု တိုးတက်ရန်အတွက် ရေကူး၊ ပြေးခုန်ပစ်ကဲ့သို့ အိုလံပစ်အားကစားနည်းများကို မဖြစ်မနေပြန်လည်ဦးမော့အောင် အလေးထားကြိုးစားဆောင်ရွက်ကြရန် သက်ဆိုင်သူများအားလုံးကို တိုက်တွန်းမှာကြားလိုကြောင်း။

ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများလည်း ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစားမောင်မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင်ဖြစ်ကြောင်း။

ထို့ကြောင့် လာမည့် ၂၀၂၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၄) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီဖြင့် ဆုတံဆိပ်များရရှိရန် ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြရန် မှာကြားလိုပါကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင် ချက်ချင်းရွှေတံဆိပ်ရနိုင်သည့် အားကစားနည်းများနှင့် ရွှေတံဆိပ်မရနိုင်သေးသော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည့် အားကစားနည်းများကို ခွဲခြားပြီး စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် ဆောင်ရွက်ထားရှိမှုများကို သုံးသပ်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များက တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းများကို သေချာစွာခွဲခြားသိမြင်ပြီး နိုင်ငံတော်က ဖြည့်ဆည်းတာဝန်ယူဆောင်ရွက်ပေးရမည့် အပိုင်းကိုလည်း အချိန်မီတင်ပြသွားကြရန် လိုအပ်ကြောင်း။

ထို့ပြင် ပြည်တွင်း၌ ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် လူငယ်မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်ရေး၊ နည်းပြများ၊ ဒိုင်၊ ဂျူရီများကို ခေတ်နှင့်အညီ Update ဖြစ်သည့် သင်တန်းများ တက်ရောက်နိုင်ရေး၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များကလည်း အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာအားကစားအဖွဲ့အစည်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဝင်ဆံ့နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့ခေတ်သည် သိပ္ပံခေတ်၊ AI ခေတ်ဖြစ်သည်နှင့်အညီ Sport Scientist, Sport Nutritionist, Sport Psychologist စသည့် ပညာရှင်များအပါအဝင် အားကစားသုတေသီများ ပေါ်ထွက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြည်တွင်းနည်းပြများကို မိမိတို့၏ မိတ်ဖက်နိုင်ငံများတွင် အားကစားသင်တန်းများ တက်ရောက်နိုင်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အားကစားပြိုင်ပွဲများ အပြန်အလှန်စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

နောင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်၊ အာရှအဆင့် အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်းအားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်

ထို့နောက် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမား မောင်မယ်များအား နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုရရှိခဲ့ကြသည့် မမေဟန်နီအောင်လွင်နှင့် မနှင်းသက်ဝေ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ Men Bodybuilding 75 kg ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်ရဲထွန်းနောင်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးအားကစားနည်းတွင် အမျိုးသားအသင်းလိုက် Event-3 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့သည့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းလိုက် Event-3 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့သည့် အမျိုးသမီးအသင်း၊ ဘိလိယက်နှင့် စနူကာအားကစားနည်းတွင် ဘိလိယက်အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခုရရှိခဲ့သည့် ဘိလိယက်အမျိုးသား အသင်း၊ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ရေကူးအားကစားနည်းတွင် မီတာ ၂၀၀ အလွတ်ကူး၊ မီတာ ၅၀ ရင်ပေါင်တန်းကူး၊ မီတာ ၅၀ အလွတ်ကူး၊ မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲ လေးမျိုးလုံး၌ ရွှေတံဆိပ်လေးခုရရှိသည့် မောင်ညီညီလင်းထက်၊ မီတာ ၁၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် မီတာ ၅၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်နန္ဒ စိုးမင်း၊ အလွတ်ကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် ဒုတိယတပ်ကြပ် စိုးဝင်း၊ ရင်ပေါင်တန်းကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်မင်းထူး၊ မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် ကြေးတံဆိပ်နှစ်ခုရရှိခဲ့သည့် မောင်အောင်မြင့်မြတ်၊ ပြေးခုန်ပစ်အားကစားနည်းတွင် သံလုံးပစ်နှင့် လှံတံပစ်ပြိုင်ပွဲတို့၌ ရွှေတံဆိပ်နှစ်ခုရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် တင်ညို၊ မီတာ ၄၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်အောင်မြင့်ဌေး၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုရရှိသည့် တပ်ကြပ်ကြီး စိုးပေ၊ သံပြားပစ်နှင့် သံလုံးပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်နှစ်ခုရရှိခဲ့သည့် မထက်ထက်အေး၊ သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် တပ်ကြပ် ရဲမင်းစိုး၊ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိသည့် ဒုတပ်ကြပ် (ငြိမ်း) စိုးသန်း၊ အလျားခုန်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် မနန်းစန်းရတနာထွန်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် မစိန်ဖော့၊ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်စည်သူထက်၊ ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ငါးခုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် မဇူးဇူးသန့်၊ ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်ချမ်းမြေ့ထွန်း၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘိလိယက်နှင့် စနူကာအားကစားနည်းတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် ဦးပေါက်စ၊ ကနူး/ ကယက်လှေအားကစားနည်းတွင် အသင်းလိုက် ငွေတံဆိပ် နှစ်ခုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်မျိုးလှိုင်ဝင်းနှင့် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် မပိုပိုအောင်၊ ပိုက်ကျော်ခြင်းအားကစားနည်းတွင် အသင်းလိုက် ငွေတံဆိပ်နှစ်ခုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် လေးယောက်တွဲ (အမျိုးသားအသင်း)၊ အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်ဝေယံမိုး၊ ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် မနီလာဝင်းတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက နိုင်ငံ့ဂုဏ်ဆောင်ဆုရ အားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့သည့် မောင်ရဲထွန်းနောင်က ကျေးဇူးတင်စကားပြောကြားသည်။

ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကိုကျပ် ၃၅ သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများကို မိမိတို့အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၅၀၊ ကြေး တံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီနှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီ ချီးမြှင့်ပေးလျက်ရှိပြီး ယနေ့ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၄၇ ခု၊ ကြေးတံဆိပ် ၇၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၅၀ ရရှိခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ့ ၂၈ ဖွဲ့တို့အတွက် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေမှာ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၆၆၉၀ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်