Skip to main content

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၇

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒစ်ဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက “မြန်မာ့မြန်မာ့ရုပ်ရှင်” တေးသီချင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရွှေစင်ရုပ်တုအနုဂုဏ်ရောင်” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး “ပိုမိုတောက်ပမယ့် မနက်ဖြန်များ” မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၂၀ ပြည့်နှစ်ကတည်းက ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ယခုဆိုပါက နှစ်ပေါင်း (၁၀၆) နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကုန်လွန်ခဲ့သည့် ရာစုနှစ်လွန်ကာလများကို မြန်မာ့ရုပ်ရှင်အနေဖြင့် ခေတ်စနစ်အမျိုးမျိုးကြားတွင် နိုင်ငံတော်၏ အရေးပါသည့်အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေများ၊ ပျော်ရွှင်လွမ်းမောဖွယ်ရာလူမှုဘဝများကို အနုပညာဖြင့် ထင်ဟပ်ဖော်ပြနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့ပြီဟု ပြောနိုင်မည်ဖြစ်ကြောင်း။

ရုပ်ရှင်အနုပညာသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခြေခံအင်အားတစ်ရပ်ပင်ဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူများ၏ အတွေးအခေါ်ပိုင်း၊ စိတ်ဓာတ်ပိုင်းနှင့် တန်ဖိုးထားမှုများကို ထင်ဟပ်ဖော်ပြနိုင်သည့် အနုပညာဖြစ်သည့်အတွက် ရုပ်ရှင်အနုပညာကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍမပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုများသည် ပြီးပြည့်စုံမှုမရှိဘူးဟု ဆိုနိုင်ပါကြောင်း၊

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၏ နောက်ကွယ်တွင် စောင့်ထိန်းအပ်သည့် စရိုက်လက္ခဏာများ ပျက်စီးခြင်း၊ လူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်အမှတ်သရုပ်လက္ခဏာများ ပျောက်ဆုံးခြင်း၊ အတုယူမှားခြင်းများ ကြုံတွေ့လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း။

မြန်မာ့ရုပ်ရှင်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်များကို ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်သည့် ဘာသာစကားတစ်ခုဖြစ်ပြီး လူမျိုးတို့၏ ဘာသာစကားများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ လူနေမှုဘဝများကို ကမ္ဘာသို့ထုတ်ပြနိုင်သည့် မီဒီယာတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ရုပ်ရှင်အနုပညာသည် နိုင်ငံတည်ဆောက်ရေးအတွက် အင်အားတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စိတ်ဝိညာဉ်လည်းဖြစ်သည်ဟု ပြောကြားလိုကြောင်း။

နိုင်ငံတစ်ခုလူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းပြယုဂ်ကို လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုများကတစ်ဆင့် ပြသနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့၏ ဘာသာအယူဝါဒများ၊ ဓလေ့ထုံးစံများ၏ အဆုံးအမနှင့် လမ်းညွှန်မှုများ၊ ကိုယ်အမူအရာများ၊ စိတ်နေစိတ်ထားသိမ်မွေ့မှုများ၊ စာနာထောက်ထားမှုများ၊ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများ ထူထောင်ပေးမှုများ၊ ခေတ်ကာလအလျောက်ထွန်းကားလာသည့် ယဉ်ကျေးမှုအနုပညာများအပေါ် ခံစားနားလည်မှုများ၊ မြတ်နိုးတန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်မှုများ ရှိလာနေသည်ကို တွေ့မြင်နိုင်ကြမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဆိုသည့် နယ်ပယ်နှစ်ခုဖြင့် မိမိတို့ခွဲခြားသိမြင်ထားကြကြောင်း၊ လူမျိုးတစ်မျိုး၏ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်များ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာများ ပေါင်းခြုံထားသည့် ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုဟု ခေါ်ဆိုကြပြီး လူမျိုးတစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသည့် ပစ္စည်းအားလုံးကို ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဟုခေါ်ဆိုကြကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များကဲ့သို့ ထူးခြားလေးနက်သည့် ဝိသေသနှင့် အဓိပ္ပာယ်များရှိနေကြောင်း၊ ရုပ်ရှင်လောကသားအားလုံးသည် ရှေးရှေးဘိုးဘွားဘီဘင်တို့ထားရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာနောက်သား မျိုးဆက်သစ်သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသယ်ဆောင်ပေးနိုင်စွမ်းရှိကြသည့် အနုပညာရှင်များဖြစ်ကြကြောင်း၊ ထို့ကြောင့် ကျွန်တော်တို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အားလုံးကို လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ထိန်းသိမ်းကာကွယ်ပြီး တန်ဖိုးထားလုပ်ဆောင်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း။

ယခုအချိန်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး မကြာမီအုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများတွင် ဒီမိုကရေစီနှင့် လိုက်လျောညီထွေဖြစ်မည့် အင်စတီကျူးရှင်းများ ပြန်လည်ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် အနုပညာရှင်များနှင့် တိုင်းရင်းသားပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း။

ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သည့်စနစ်ဟု ပြောနိုင်သော်လည်း ယင်းစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် ဆောင်ရွက်ကြရသည့် ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များကို “ဒီမိုကရက်တိုင်ဇေးရှင်း” ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာတွင် ချက်ချင်းလက်ငင်းပြီးပြီးရောပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့်ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုင်ဇေးရှင်းဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း၊ ယင်းအဆင့်ကို ရောက်ရန်ဆိုပါက မိမိတို့လူ့အဖွဲ့အစည်းအားလုံးက ပကတိအခြေအနေကို မျက်နှာမူကြရပါကြောင်း၊ လက်တွေ့မကျသည့် ဆွဲဆောင်စည်းရုံးမှုများကို အများအကြိုက် လှုံ့ဆော်နှိုးဆွပေး၍ မရသကဲ့သို့ မိမိတို့၏ စိတ်ဆန္ဒများကို ရှေ့တန်းတင်၍ ချဉ်းကပ်၍လည်း မဖြစ်နိုင်ကြောင်း၊ ဒီမိုကရက်တိုင်ဇေးရှင်းအခြေတည်ရာ လူ့အဖွဲ့အစည်း၏ လူမှုစီးပွားအနေအထားများ၊ လူမှုအုပ်စုများ၏ စုဖွဲ့ဖြစ်တည်ပုံများနှင့် နိုင်ငံရေးယဉ်ကျေးမှုတို့၏ အပေါ်တွင်သာ အခြေခိုင်ခိုင်ဆောင်ရွက်ရသည့် သဘောရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရက်တိုင်ဇေးရှင်းပုံစံများ မျိုးစုံရှိကြသော်လည်း မိမိတို့ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်းပုံစံမှာ ဒီမိုကရေစီစံနှုန်းများကို အခြေပြုစတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေဖြင့် လူမှုစီးပွားဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ဖွံ့ဖြိုးမှုများအပေါ် အခြေခံစဉ်းစား ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းပြီးပုံစံ (Imposed Transition) ဖြင့် ကူးပြောင်းခဲ့ရသည့် ပြောင်းလဲမှုဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီးတစ်ခုဖြစ်သည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူအားလုံးက သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း။

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ၏ အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများကို ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးအမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်များပင်ဖြစ်ပါကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူတည်ထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံသားအားလုံးက တစ်သွေးတစ်သားတည်းသော စည်းလုံးညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီးအေးချမ်းသာယာရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အတူတကွ လက်တွဲအကောင်အထည်ဖော်ပေးကြရန်လည်း ထပ်မံတိုက်တွန်းပြောကြားလိုပါကြောင်း။

မကြာမီအချိန်တွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိကြသူများကို ဖွင့်ဖောက်ကြေညာပြီး ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကား ၇၂ ကား ရုံတင်ပြသနိုင်ခဲ့ပြီး ယင်းဇာတ်ကားများအနက်မှ ထူးချွန်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များကို အဆင့်ဆင့်စိစစ်အကဲဖြတ်ကာ ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာရုပ်ရှင်ဇာတ်ကားများကို ယခင်နှစ်များထက် ပိုမိုရုံတင်ပြသနိုင်ခဲ့ခြင်းသည် ရုပ်ရှင်လောကပုံမှန်ပြန်လည်သက်ဝင်လှုပ်ရှားနိုင်ခဲ့ကြောင်း ပြသခြင်းဖြစ်သည့်အတွက် ရုပ်ရှင်အစည်းအရုံးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အနုပညာရှင်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်းပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင်လည်း ပြန်လည်တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့်နယ်ပယ်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အားပေးကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပြီး ဆက်လက်၍လည်း ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရုပ်ရှင်အနုပညာရှင်များကလည်း ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ချစ်စဖွယ်မြန်မာ့ဓလေ့မြန်မာ့စရိုက်၊ မြန်မာ့ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများကို ဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန်မှာကြားလိုကြောင်း၊ အမျိုးသားရေးနှင့် ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ထွန်းကားရေး၊ ပြည်သူများ အသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူးတင်ဆက်ပေးကြရန် ထပ်လောင်းတိုက်တွန်းပြောကြားလိုပါကြောင်း။

ယခုနှစ်တွင်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖွဲ့စည်းထားရှိသည့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များက ရွေးချယ်ပေးကြသည့် ဆုများကို မကြာမီချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်အောင်မြင်တိုးတက်စေရန်အတွက် အင်အားများပိုမိုရရှိပြီး မိမိတို့၏ အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကို မြှင့်တင်ပြီး ထူးချွန်ဆုများ ဆွတ်ခူးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စရိုက် လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပြီး အရိုးပေါ်အရွက်မဖုံးစေရန်၊ ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါလျက် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် အခမ်းအနားမှူးက ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်းမိတ်ဆက်ပေးသည်။

ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆုရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် ရုပ်ရှင်လောကသားအားလုံးက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိကြသော ဦး‌‌‌ဌေးအောင် (ဆွေဗမာ)၊ သရုပ်ဆောင် ဒေါ်ခင်လေးဆွေနှင့် ဒါရိုက်တာ အကယ်ဒမီ ဦးကြည်စိုးထွန်းတို့ကို ဆုများပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို “နှင်းပွင့်စေရာ” ဇာတ်ကားဖြင့် သားကျော်၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို “မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်” ဇာတ်ကားဖြင့် ဟန်ထူးဇင်၊ အကောင်းဆုံးရုပ်ရှင်အသံဆုကို “နတ်ဝင်သည်” ဇာတ်ကားဖြင့် ကိုဂျိုး ၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို “မြို့ပြထဲကလမ်းမ” ဇာတ်ကားဖြင့် အကယ်ဒမီ ခွန်၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို “မောင့်မိဖုရား” ဇာတ်ကားဖြင့် သီလံ၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး” ဇာတ်ကားဖြင့် Hein Film Production တို့က ရရှိကြသည်။

ဆက်လက်၍ ထူးချွန်ဆုရရှိကြသူများကို ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကားပြောကြားကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ (Myanmar Academy Fashion Awards) ကို ပေးအပ်ချီးမြှင့်ရာ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆုကို အကယ်ဒမီ နေတိုး၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို အကယ်ဒမီ မေသန်းနု၊ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှုဆုကို ကောင်းမြတ်စံ၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို ရတနာဗိုတို့က ရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ဗြောသံ” ဇာတ်ကားဖြင့် အကယ်ဒမီ ဩရသ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို “မောင့်မိဖုရား” ဇာတ်ကားဖြင့် ခိုင်နှင်းဝေ၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ ဆုကို “ မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ဇာတ်ကားဖြင့် နေမျိုးအောင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “ မောင့်မိဖုရား” ဇာတ်ကားဖြင့် ရတနာဗို၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “မြေစာ” ဇာတ်ကားဖြင့် အကယ်ဒမီ မြင့်မြတ်တို့က ရရှိကြသည်။

ဆက်လက်၍ ထူးချွန်ဆုရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကားပြောကြားကြသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် အလှည့်ကျဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတို့သည် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် ယခုဆိုလျှင် နှစ်ပေါင်း (၁၀၆) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားရေးကို ရှေးရှု၍ ၁၉၅၂ ခုနှစ်က စတင်ပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေးအကဲဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့် အနုပညာရှင်အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် ၇၄ နှစ်အတွင်းတွင် (၆၇) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်