ရန်ကုန် ဇူလိုင် ၇
မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) က ကျင်းပသည့် (၁၆) ကြိမ်မြောက် ဟာသပညာရှင်ကြီးများ ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးအိမ်ရာ (လူရွှင်တော်ရွာ) ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး၏ ဂုဏ်ပြုသီချင်းနှင့် ဂုဏ်ပြုမှတ်တမ်းတို့ကို ဖွင့်လှစ်ပြသသည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်ထောင်စုဝန်ကြီးကိုယ်စား မုဒိတာစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က လှူဒါန်းငွေကျပ် ၂၅ သိန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမိသားစုက လှူဒါန်းငွေ ကျပ်သိန်း ၃၀ တို့ကို ဒုတိယဝန်ကြီးက ပေးအပ်လှူဒါန်းသည်။
ထို့နောက် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းဗီဒီယိုပြသပြီး အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းပြီး တာဝန်ရှိသူများက ပရဟိတထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ကာ ဒုတိယဝန်ကြီးက ဟာသတစ်သက်တာဆု ရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ကြီးဟာသအနုပညာရှင်ကြီးများအား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
