Skip to main content

မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

မန္တလေး ဩဂုတ် ၆

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယနေ့နံနက် ၁၀ နာရီက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၇၂ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၆)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၂၀)ကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။

ထို့ပြင် “မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေး” အဆိုကို ချမ်းမြသာစည်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်က လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံဆွေးနွေး၍ အဆိုကို ဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ရပ်နားကြောင်းနှင့် အစည်းအဝေး (စတုတ္ထနေ့) ကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)