Skip to main content

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ကူညီမှုများ တိုးမြှင့်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကာလအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ တိုင်းရင်းသားပြည်သူအားလုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နှစ်စဉ်ချေးငွေ ထုတ်ချေးပေးရေးစီမံကိန်းနှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ချေးရေးစီမံကိန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ လိုအပ်ချက်ဖြစ်သည့် ငွေကြေးအရင်းအနှီးများကိုလည်း သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်မှုကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း တစ်ရာခိုင်နှုန်း) သတ်မှတ်ပေးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ကုမ္ပဏီ/လုပ်ငန်းစုစုပေါင်း ၃၂၇ ခုကို ချေးငွေပမာဏ ကျပ် ၇ ဒသမ ၆၃ ဘီလီယံ ထုတ်ချေးပေးခဲ့သည်။

နိုင်ငံတော်အနေဖြင့် အဆိုပါချေးငွေ ထုတ်ပေးခဲ့သည့် မွေးမြူရေးကဏ္ဍမှ လုပ်ငန်း ၃၂၇ ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် စေ့ရောက်သည့်နေ့မှစ၍ သက်တမ်း နောက်ထပ်တစ်နှစ်တိုးမြှင့်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုကို ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ပေးဆပ်ရမည့်နေ့စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးခဲ့သည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် အဆိုပါမွေးမြူရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် ချေးငွေချေးယူမှုသက်တမ်း စုစုပေါင်းသုံးနှစ် တိုးမြှင့်ပေးပြီးဖြစ်ရာ ချေးငွေကိုက်ညီသူများအနေဖြင့် ပထမနှစ် ပထမအကြိမ် အတိုးများပေးဆပ်ပြီးသည့်အပြင် ဒုတိယနှစ် ဒုတိယအကြိမ် အတိုးများပေးဆပ်ပြီး ဆက်လက်၍ ချေးငွေရည်ရွယ်ချက်ပါအတိုင်း လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ အကယ်၍ ပေးဆပ်ရန်ပျက်ကွက်ပါက သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ အရေးယူခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကိုလည်း ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး SME ချေးငွေပထမအဆင့်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ  စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းဒုတိယအဆင့်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ စီမံကိန်းအဆင့် ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများဖြစ်သည့်  PFI ဘဏ် ခြောက်ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင် ၆၀၄ ဦးကို ချေးငွေကျပ် ၁၃၈ ဒသမ ၁၄၈ ဘီလီယံ ထုတ်ချေးပေး ခဲ့ပြီးဖြစ်သည်။ စီမံကိန်းအဆင့် ၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့အစည်းများဖြစ်သည့် PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်အထိ လုပ်ငန်းရှင် ၁၇၇၃ ဦးသို့ ချေးငွေကျပ် ၃၃၉ ဒသမ ၁၇၉ ဘီလီယံ ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။

MSME လုပ်ငန်းချေးငွေများကို သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း MSME များကို နိုင်ငံတော်အစိုးရက အားပေးကူညီပြီး နိုင်ငံတော်အတွက် လိုအပ်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်သည့် လုပ်ငန်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အလားတူ ကိုဗစ်-၁၉ ရန်ပုံငွေချေးငွေများ ထုတ်ချေးထားခြင်းသည်လည်း နိုင်ငံတော်၏ စီးပွားရေးပြန်လည်ဦးမော့လာအောင် ကူညီထားခြင်းဖြစ်၍ လုပ်ငန်းများတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ ထောက်ပံ့ပေးထားသည့် ငွေကြေးပံ့ပိုးမှုအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။