နေပြည်တော် နိုဝင်ဘာ ၁၅
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ စနစ်တကျ သိရှိနားလည်ပြီး ကောင်းမွန်စွာအသုံးပြုဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများသည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
တက်ရောက်
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒက္ခိဏသီရိမြို့နယ်၌ ဒုတိယနေ့အဖြစ် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ကြာပင်ကျေးရွာအုပ်စုနှင့် ကျွန်းတက်ပဲ့ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက MEVM စက် တည်ဆောက်ပုံ၊ အသုံးပြုပုံနည်းလမ်းများ၊ စက်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းပြောကြားကြပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်ရာ မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit)ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန်စိစစ်ခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ စိတ်ကျေနပ်မှုရရှိသည်အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
