တပ်မတော်သည် တိုင်းပြည်အေးချမ်းသာယာဝပြောရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF တို့သည် တိုင်းပြည်အလုံးစုံပျက်စီးရေးကို ကြံစည်လုပ်ဆောင်နေကြသည်။ တိုင်းပြည်ပျက်စီး ရေးကို လုပ်ဆောင်နေကြသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများအား တိုင်းရင်း သားပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချနေကြသည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် ပြည်ထောင်စုကြီးအတွင်း၌ မရှိအတူ ရှိအတူ အေးအတူ ပူအမျှစိတ်ထားဖြင့် အေးချမ်းစွာအသက်မွေးဝမ်း ကျောင်းပြုလုပ်ကိုင် စားသောက် နေထိုင်လိုကြသည်။ ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းပြီး အေးချမ်းသာယာဝပြောသောဘဝများကို လိုလားကြသည်။ မျက်မှောက်ကာလတွင် အဆိုပါအကြမ်း ဖက်အဖျက် သမားသောင်းကျန်း သူများသည် ပြည်သူများ၏ အေးချမ်းစွာနေထိုင်လိုသောဘဝများကို ယုတ်မာပက်စက်စွာ ဖျက်ဆီး နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ဒေသအချို့တွင် လက်နက်ကိုင်သောင်းကျန်းသူများက အများပြည်သူ အေးချမ်းစွာနေထိုင်မှုများကို ဖျက်ဆီးခဲ့ကြပြီး မြန်မာနိုင်ငံအနောက်မြောက် ဘက်တွင်လည်း သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှု များရှိလာသောကြောင့် တပ်မတော်က ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ပြန်လည် တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက် သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ် မဟုတ်သော စာသင်ကျောင်းများ၊ လမ်းပန်း ဆက်သွယ်ရေးအခြေခံအဆောက် အအုံများကိုပါ ဖျက်ဆီးလျက်ရှိသည်။ မကြာသေးမီက လွိုင်ကော်တက္ကသိုလ်ကို ဝင်ရောက်စီးနင်းပြီး ဆရာဆရာမများနှင့် ဝန်ထမ်းများကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။
နိုင်ငံတော်အစိုးရက အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ စေရေးအတွက် တည်ဆောက်ပေးထားသော ရထားလမ်းနှင့် အခြေခံ အဆောက်အအုံများကို ဖျက်ဆီးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်အထိ မိုင်းထောင်ဖောက်ခွဲခြင်း ၁၂၈ ကြိမ်၊ ရထားလမ်းတံတားများ မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းအိမ်ရာဖျက်ဆီးခြင်း ၁၂ ကြိမ်ကျူးလွန် ခဲ့ကြသည်။ အကြမ်းဖက်သမားများသည် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့်တွဲများ၊ ခရီးသည်နှင့် ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ အသက်အန္တရာယ်ထိခိုက်စေပြီး စိတ်မချမ်းမြေ့ စေရေး၊ ရထားဖြင့် ခရီးသွားလာမှုမပြုလုပ်စေရေး၊ ရထားလမ်းကွန်ရက် တည်ဆောက်မှု စီမံကိန်းများ အချိန်ပိုမိုကြန့်ကြာမှုဖြစ်စေရေးတို့ကို ခြိမ်းခြောက်နှောင့်ယှက်ပြုလုပ် လျက်ရှိသည်။
သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်၊ ပြန်ပေးဆွဲ၊ လုယက်မှုများအပြင် ပြည်သူများအသုံးပြုရန် တည်ဆောက်ပေး ထားသည့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်နေသည့် ယုတ်မာပက်စက် သောအကြမ်းဖက်အဖျက်သမားများသာ ဖြစ်သည်။ ထိုသို့ အများပြည်သူကို ယုတ်မာပက်စက်စွာ လုပ်ဆောင်နေကြသဖြင့် ၎င်းတို့၏ရည်မှန်းချက် မည်သည့်အခါမျှ မအောင်မြင်ဘဲ နောက်ဆုံးတွင် ပျက်စီးခြင်းသာရောက် ရမည်သာဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကာလက ဤသို့ပင် အကြမ်းဖက်အဖျက်လုပ်ရပ်များကို လုပ်ကိုင်ခဲ့ကြရာ တပ်မတော်နှင့် ပြည်သူလူထုက လက်တွဲပူးပေါင်းတိုက်ဖျက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
အဆိုပါ အဖျက်သမားသောင်းကျန်းသူများကို အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ခိုက်ရှင်းလင်းလျက်ရှိသည့် တပ်မတော်သားများအား ပြည်သူလူထု တစ်ရပ်လုံးက အားပေးထောက်ခံ ကူညီဆောင်ရွက်ပေးနေကြသည်။ နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနေသော တပ်မတော်သားများ အား ဆုတောင်း မေတ္တာပို့သပေးလျက်ရှိသည်။ တိုင်းပြည် ရန်စွယ်အန္တရာယ်ဟူသမျှကို ကာကွယ်တားဆီး ပေးနေသော တပ်မတော်၏ တရားသောစစ်သည် မလွဲမသွေ အောင်မြင်မည်သာဖြစ်သည်။
တိုင်းရင်းသားပြည်သူများအားလုံး၏ဆန္ဒမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ အေးချမ်းစွာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ဆောင်ရွက်နေထိုင်နိုင်ရေးဖြစ်ရာ ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏ဘဝကို ယခုကဲ့သို့ ပျက်စီးအောင် ဖျက်ဆီးနေသော အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူများကို တပ်မတော်နှင့်အတူ ပြည်သူများက တညီတညွတ်တည်း လက်တွဲဆန့်ကျင်ကြရမည်ဖြစ်သည်။ ထိုသို့တိုင်းပြည်ပျက်စီးအောင် အလုံးစုံဖျက်ဆီးနေသော အဖျက်လုပ်ရပ်များကို အားပေးအားမြှောက်ပြုလုပ်နေပြီး ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်အောင်၊ စိုးရိမ်ပူပန်မှုပိုမိုမြင့်မားလာအောင် မီးလောင်ရာလေပင့်ပေးနေသည့် အမျိုးသား သစ္စာဖောက် ပြည်ဖျက်မီဒီယာများ၏ မမှန်သတင်းများကို နားမယောင်ဘဲ ပြည်သူအချင်းချင်း စည်းလုံးညီညွတ်စွာ လက်တွဲဝန်းရံထားကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)