နေပြည်တော် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သိန်း ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီ တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ် လိန်းလီကျေးရွာ အနီးတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ အောင်မင်း မောင်းနှင်ပြီး အောင်ကိုကိုဦး လိုက်ပါလာသည့် TOYOTA SURF မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းခုံးလှိုင်း(ခ)ကိုစိုင်း ကို ကွန်ဟိန်းမြို့နယ် ကာလိမြို့ ရပ်ကွက်(၁)ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
