Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြင်ဦးလွင်မြို့ရှိ မော်တော်ယာဉ်နည်း ပညာသုတေသန ဌာန၌ ကြည့်ရှုစစ်ဆေး

ပြင်ဦးလွင် နိုဝင်ဘာ ၁၆

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့ညနေ ပိုင်းက ပြင်ဦးလွင်မြို့ရှိနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာ သုတေသနဌာန၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ EV နည်းပညာ ပြန့်ပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းများအတွက် သင်ထောက် ကူပစ္စည်းများ ဖြည့်တင်းထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် စုဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်တွင် သဘာဝပတ်ဝန်းကျင်ကောင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင် ရန်အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ရုပ်ကြွင်းလောင်စာ စက်သုံးဆီများ လျှော့ချနိုင်ရေး၊ ခေတ်မီ EV များကို ပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်ရေးနှင့် နိုင်ငံ့မြို့ကြီးများတွင် လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာ ရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ တစ်ပါတည်းရရှိစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးတို့အတွက် နေ့စဉ်မပြတ်လုပ်ငန်းများအမှန် တကယ်တိုးတက်မှုရှိစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ပြီး ဆရာများ၏ စွမ်းရည်များမြင့်မားရေး ပုံမှန်ဆန်းစစ် မွမ်းမံသွားရန် လိုအပ်ကြောင်းတိုက်တွန်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် အဆိုပါဌာနရှိ အဆင့်မြှင့် ပုံစံပြုပြင်ခြင်းဆိုင်ရာ အင်ဂျင်နီယာ ဌာနခွဲ၊ ထိန်းချုပ်မှု အင်ဂျင်နီယာနည်းပညာဌာနခွဲ၊ မော်တော်ယာဉ် အင်ဂျင်ပိုင်းဆိုင်ရာ နည်းပညာ ဌာနခွဲ၊ မော်တော်ယာဉ်ရွေ့လျား မှုဆိုင်ရာ နည်းပညာဌာနခွဲနှင့် ထုတ်လုပ်မှု အင်ဂျင်နီယာ နည်းပညာဌာနခွဲတို့ရှိ သုတေသန လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြား ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်