ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယခင်က တပ်မတော်ပိုင်လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို (၁၃) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခု (၁၄) ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားဖြစ်သည့် Su-30 SME တိုက်လေယာဉ်နှစ်စင်းကို တပ်တော်ဝင်ပြီး တပ်မတော် (လေ) သို့ ဂုဏ်ယူဝင့်ကြွားဖွယ် လွှဲပြောင်းပေးအပ်ခဲ့သည်။
တပ်မတော် (လေ) ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပိုင်နက်ဝေဟင်စိုးမိုးရေးနှင့် လေကြောင်းရန်ကာကွယ်ရေးတာဝန်သာမက ပြည်တွင်းသောင်းကျန်းမှု စစ်ဆင်ရေးများတွင် ခေတ်အဆက်ဆက် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ပြည်ပကျူးကျော်မှု၊ ပြည်တွင်းသောင်းကျန်းမှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍများတွင် တပ်မတော် (ကြည်း) ၊ တပ်မတော် (ရေ) ၊ ပြည်သူလူထုနှင့်အတူ လက်တွဲ၍ စွမ်းစွမ်းတမံ ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော သမိုင်းမှတ်တိုင်များ စိုက်ထူထားနိုင်ခဲ့သည့် အစဉ်အလာကောင်းများ ရှိခဲ့ပြီးဖြစ်သည်။
မျက်မှောက်ကာလတွင် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏ လူနေမှုဘဝများ အေးချမ်းစွာရှိနေစေရန်အတွက် တပ်မတော်က လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တရားသောစစ်ပွဲများ ဆင်နွှဲလျက် ချေမှုန်းနှိမ်နင်းလျက်ရှိရာတွင် တပ်မတော် (လေ) သည် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးများတွင် လေကြောင်းစွမ်းအားများကို ထိထိရောက်ရောက်အသုံးချလျက် တစ်တပ်တစ်အားပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမည်ဖြစ်သည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေများ၌ ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများတွင် တပ်မတော် (လေ) မှ လေယာဉ်/ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲအောင်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသည်။
တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် “ယနေ့မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်မည်ဆိုပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ လေကြောင်းစွမ်းအားသာလွန်မှုကို အားပြုပြီး ရန်သူအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မိမိတပ်များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုဖြစ်ပေါ်လာစေရန်အတွက် လေကြောင်းစိုးမိုးမှု၊ လေကြောင်းအရေးသာမှုများကို အဓိကထားဆောင်ရွက်လာကြကြောင်း၊ မြင့်မားသော လေကြောင်းစွမ်းအားကို ပိုင်ဆိုင်သည့် လေတပ်မတော်ဖြစ်လာစေရေးအတွက် တပ်မတော် (လေ) မှ အရာရှိ/ စစ်သည်များအားလုံး အမြဲလေ့ကျင့်နေရမည်ပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
စစ်ရေးနည်ဗျူဟာ ကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှုနှင့် အီလက်ထရွန်နစ်နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့သည် စစ်ပွဲ၏အနိုင်/အရှုံးကို အဓိကအဆုံးအဖြတ်ပေးသည့်အတွက် တပ်မတော် (လေ) အနေဖြင့် နည်းပညာတိုးတက်လာမှုနှင့် အတူ ပြောင်းလဲကျင့်သုံးလာသည့် စစ်နည်းဗျူဟာများနှင့် စစ်လက်နက်ပစ္စည်းများကို ခေတ်နှင့်အညီ ကျွမ်းကျင်စွာအသုံးချနိုင်ရန် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် အလေးအနက်ထားလုပ်ဆောင်လျက်ရှိသည်။ တပ်မတော် (လေ) ကို ကျစ်လျစ်ခိုင်မာပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရာတွင် ကျွမ်းကျင်ပြီး အရည်အချင်း၊ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပေးရေးသည် အလွန်ပင်အရေးကြီးသည်။
လေယာဉ်များကို ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်သည့် လေသူရဲများသည် လေယာဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နိုင်သကဲ့သို့ လေယာဉ်တွင် တပ်ဆင်ထားသည့် စစ်လက်နက်ပစ္စည်းများကို ထိရောက်ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်နိုင်စေရန် အမြဲလေ့ကျင့်လျက်ရှိသည်။ တပ်မတော် (လေ) မှ စက်မှုလက်မှု၊ လေကြောင်းထိန်း၊ ရေဒါ၊ မိုးလေဝသစသည့် လေကြောင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ/ စစ်သည်များအားလုံးအနေဖြင့် ကိုင်တွယ်အသုံးပြုနေသည့် စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရန် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့်အတူ လိုက်လျောညီထွေပြောင်းလဲလာသော စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော် (လေ) သည် သမိုင်းအဆက်ဆက်တွင် တိုင်းပြည်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်နိုင်သကဲ့သို့ နိုင်ငံတော်အကျိုးနှင့်တပ်မတော်၏ဂုဏ်ကို အစဉ်အလာမပျက်မြှင့်တင်ပေးလျက်ရှိပြီး ယခု (၁၄) ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစားနှစ်စင်းကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော်၏ တိုက်စွမ်းအား၊ တိုက်စွမ်းရည်မြင့်မားလာအောင် အထောက်အကူပြုမည်ဖြစ်၍ တပ်မတော် (လေ) ၏ ဝေဟင်ကာကွယ်ရေးစွမ်းအားအပေါ် ဂုဏ်ယူ ဝင့်ကြွားဖွယ်ဖြစ်ပါကြောင်း။ ။