Skip to main content

နိုင်ငံ့အရေးအတွက် ဆောင်ရွက်ရာတွင် YMBA အသင်းကြီးသည် လူမှုရေးအဖွဲ့အစည်းများတွင် အရေးပါသည့် အဖွဲ့အစည်းကြီးဖြစ်သဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ကြရန်လိုပြီး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို စနစ်တကျဖြင့်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)ရုံး၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို) ရုံးဧည့်ခန်းမဆောင်၌ YMBA အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဘိဓမ္မာနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဘာသာစကားသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိမှု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် YMBA အသင်းသားများမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိမှု၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအတွက် အစုအဖွဲ့များ စုဖွဲ့ထားရှိမှု၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (ဗဟို) ရုံးချုပ်အဆောက်အဦသစ် တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှုနှင့် အဆိုပါအဆောက်အဦသစ်အတွင်း၌ YMBA အသင်းကြီး၏ သမိုင်းဝင်ပြခန်းအပါအဝင် အခန်းများအလိုက် နေရာချထားရန်လျာထားမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုံးချုပ်အဆောက်အဦသစ်အား တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ YMBA အသင်းကြီး စတင်ဖွဲ့စည်းစဉ်ကတည်းက ရည်ရွယ်ချက်သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးပင်ဖြစ်ကြောင်း၊ အမျိုးဘာသာသာသနာ ပညာစောင့်ရှောက်ရေးသည် နိုင်ငံ့အရေးပင်ဖြစ်ပြီး နိုင်ငံ့အရေးနှင့် ပတ်သက်၍ နိုင်ငံတော်တွင်ရှိသည့် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့်လည်း နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ YMBA အသင်းကြီးအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတို့ဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များကို ယဉ်ကျေးသိမ်မွေ့အောင် ဆောင်ရွက်ပေးပြီး ကောင်းမွန်သည့် လူမှုအသိုင်းအဝိုင်းကိုဖော်ဆောင်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ခွန်အားကို တည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မူလအခြေခံစိတ်ဓာတ်ကောင်းများရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များရရှိစေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အပေါ်တွင်ထားရှိသည့် စိတ်ဓာတ်များကောင်းမွန်စေရေးနှင့် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၊ နိုင်ငံရေးအရ အစွန်းရောက်သူများ၏ ပယောဂများကြောင့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်နေကြသည်ကို စိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်ရကြောင်း၊ နိုင်ငံတော်၏အဖိုးတန် မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်တည်ဆောက် ရေးတွင်ပါဝင်မှုမရှိဘဲ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေသည့် လမ်းကြောင်းအမှားပေါ်သို့ ရောက်ရှိနေသည်မှာ နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာပင်ဖြစ်ကြောင်း၊ အဆိုပါလူငယ်များ မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးဆောင်ရွက် ရန်လိုကြောင်း။

အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်

လူငယ်များကို ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ထိရောက်သည့်လူသားအရင်း အမြစ်များအဖြစ် မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များအနက် လူမှုရေးဦးတည်ချက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟု ချမှတ်ထားသကဲ့သို့ YMBA အသင်းကြီး၏ ရည်ရွယ်ချက်တွင်လည်း လူငယ်များ၏ ကာယဗလ၊ ဉာဏဗလနှင့် စိတ္တဗလများ ကောင်းမွန်စေရေး ချမှတ်ထားခြင်းဖြစ်သဖြင့် နိုင်ငံကောင်းမွန်ရန်အတွက် တူညီသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ YMBA အသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များနှင့် ခေတ်အဆက်ဆက် တာဝန်ယူထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ခဲ့ကြသကဲ့သို့ ယခုအချိန်တွင်လည်း အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး YMBA အသင်းကြီးအနေဖြင့် ဆောင်ရွက်စေလိုကြောင်း။

YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးကို ဦးဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်လိုပြီး နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပေါ်အောင် လှုံ့ဆော်နေသူများ၊ ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တိုင်းပြည်၏ အနာဂတ်ပျက်စီးအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး တူညီသည့် အခွင့်အရေးများ ပေးထားပြီးဖြစ်သော်လည်း နိုင်ငံရေးကိုသဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် ယခုကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။

နိုင်ငံတော်ကို ကာကွယ်ရန်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ်များ မွေးမြူနိုင်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြစ်ပေါ်စေရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံးအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာခံယူချက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် ခံယူချက်ကောင်းမွန် သည့်စိတ်ဓာတ်နှင့် ဆောင်ရွက်မှသာလျှင် ရုပ်ပိုင်းဆိုင်ရာများ‌လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

အမျိုးသားရေးအဖွဲ့အစည်းဖြစ်

ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အာဏာတည်စေခဲ့ပြီး ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ YMBA အသင်းကြီးအနေဖြင့်လည်း ဗလငါးတန်ပြည့်ဝအောင်ဆောင်ရွက်ရာတွင် အဆိုပါအချက်ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ YMBA အသင်းကြီးအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက ဘာသာရေးဆိုသည်ထက် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးဖြစ်သည့် လူမှုရေးကိုအခြေခံသည့် အမျိုးသားရေးအဖွဲ့အစည်းဖြစ်ပြီး ကာယ၊ ဉာဏ၊ စိတ္တအားများဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်ပြန်ထားသည့် ဥပဒေကို လေ့လာခြင်းမရှိဘဲ အခြေအမြစ် မရှိသည့်သတင်းမှားများ၊ ထင်မြင် သုံးသပ်ချက်များအပေါ်တွင် အခြေခံ၍ သွေးထိုးလှုံ့ဆော်နေသည်များရှိကြကြောင်း၊ နယ်အသီးသီးရှိ YMBA အသင်းအဖွဲ့ များအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိကိုယ်တိုင်လည်း သိရှိနားလည်ရန်လိုအပ်ပြီး ပြည်သူများ အသိအမြင်မှန်များရရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း။

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ အမျိုးသားစစ်မှုထမ်းဆောင်ခြင်းဖြင့် နိုင်ငံသားများအနေဖြင့် အဖွဲ့အစည်းစိတ်ဓာတ်များ (Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (Team Work)တို့ဖြင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန် ထမ်း ဆောင်လိုသည့် စိတ်ဓာတ်သည် မြင့်မြတ်သည့် စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ယခုအခါ စစ်မှုထမ်းဟောင်းများမှ တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုသူများ ရှိသကဲ့ စစ်မှုထမ်းမဟုတ်သော်လည်း တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင်လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများ များပြားစွာရှိနေကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် စိတ်ဓာတ်များ လူငယ်များတွင် ရရှိစေရေး YMBA အသင်းကြီးအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ့အရေးအတွက် ဆောင်ရွက်ရာတွင် YMBA အသင်းကြီးသည် လူမှုရေးအဖွဲ့အစည်းများတွင် အရေးပါသည့် အဖွဲ့အစည်းကြီးဖြစ်သဖြင့် အမျိုး၊ ဘာသာ၊သာသနာ၊ပညာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ကြရန်လိုပြီး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

တာဝန်ရှိသူများက ဆွေးနွေးတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်သူများသတင်းမှန်များ သိရှိရေး၊ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိအမြင်အမှန်များရရှိပြီး စိုးရိမ်ပူပန်မှုများ မရှိစေရေး၊ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍလုံခြုံစိတ်ချရမှုရှိစေရေး၊ တိုင်းပြည်၏အနာဂတ်ဖြစ်သည့် လူငယ်လူရွယ်များ အခန်းကဏ္ဍတိုးတက်မြင့်မားစေရေး၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ်များ၊ အမျိုးသားသွေးစည်းညီညွတ်ရေး စိတ်ဓာတ်များ တည်ဆောက်ရေးတို့အတွက် အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ YMBA အသင်းကြီးအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက် ၍ ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယကအဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံကို ကောင်းမွန်အောင်၊ လုံခြုံစိတ်ချရပြီးတိုးတက်မှုရှိအောင် ပုံဖော်တည်ဆောက်ရာတွင် လူကြီးများသည် ၎င်းတို့ ဖြတ်သန်းလာကြသည့် အတွေ့ အကြုံများ၊ အသိအမြင်များကို တွန်းအား၊ ဆွဲအားအဖြစ် အသုံးပြုကြရပြီး လူငယ်၊ လူရွယ်များမှ ၎င်းတို့၏ နုပျိုသည့်ခွန်အားများဖြင့် လိုက်ပါဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံ ကောင်းမွန်စေရေးအတွက် မိသားစုဝင်များ၊ နိုင်ငံသူ နိုင်ငံသားများကသာ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မိသားစုကိုချစ်သည့်စိတ်၊ နိုင်ငံကိုချစ်သည့်စိတ်များ ရရှိကြစေရေး မိမိတို့အနေဖြင့် အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်းညီညွတ်သောပေါင်းစည်းစွမ်းအား (Well Organize) ဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) အနေဖြင့်လည်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ စောင့်ရှောက်ရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ဓမ္မလက်ဆောင်ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များက ဓမ္မလက်ဆောင်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် YMBA မှ စုဖွဲ့ပေးထားသည့်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်