ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံတိုင်းသည် ပညာရေးအဆင့်မြင့်မားစေရန် အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားတိုင်း အသိပညာမြင့်မားပြီး နိုင်ငံနှင့် လူမှုဘဝတိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်၍ နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်စေရန်၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်း၊ ကမ္ဘာနှင့်တန်းတူရပ်တည်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာကြွယ်ဝသော ပညာတတ်များ မွေးထုတ်ပေးရန် လိုအပ်လျက်ရှိသည်။
အသိပညာ၊ အတတ်ပညာများကို ကျောင်းပညာများဖြင့် ပြည့်စုံကြွယ်ဝအောင် ဆောင်ရွက်နိုင်သော်လည်း မြန်မာနိုင်ငံ၏ အခြေခံအကြောင်းတရားနှင့် အခြေအနေ အရပ်ရပ်တို့ကြောင့် ပညာကို တစ်နိုင်ငံလုံးပြည့်ဝအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် ပညာရည်တိုးတက်မြင့်မားအောင် မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းပညာ၊ အတန်းပညာများကို သင်ယူပြီး စာကြည့်တိုက်ယဉ်ကျေးမှုကို ပျိုးထောင်ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ လူဦးရေအများစုဖြစ်သည့် ၇၀ ရာခိုင်နှုန်းသော ပြည်သူများမှာ ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိသည်။ ပြည်သူအများစုမှာ အတန်းပညာများကို ပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ကျေးလက်ဒေသများကို အဓိကထားသည့် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းကြောင့် ပြည်သူများ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့်လုပ်ငန်းမှာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဖြစ်သည်။ နိုင်ငံတစ်ဝန်း စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပြီး စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ လှူဒါန်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ယခုအခါ တတိယအကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့သည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် စာကြည့်တိုက် ၁၄၇ တိုက်အတွက် အလှူငွေကျပ် သိန်းပေါင်း ၂၂၀၅၀ နှင့် စာအုပ်စာစောင်စုစုပေါင်း ၇၀၇၈၀ ရရှိခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်၍ မျက်မှောက်ကာလတွင် လူအများအသုံးပြုသည့် အွန်လိုင်းစာမျက်နှာများပေါ်တွင် စာပေဖတ်ရှုနိုင်သော်လည်း ကောင်းမွန်မှန်ကန်အားရှိစွာဖြင့် ဖတ်ရှုနိုင်ရန်၊ အချက်အလက်အကြောင်းအရာများကို အချိန်အခါမရွေး မှတ်သားသိမ်းဆည်းထားနိုင်ရန်၊ အချိန်နေရာမရွေး လွယ်လင့်တကူဖတ်ရှုနိုင်ရန်၊ သတင်းအချက်အလက်နှင့် အကြောင်းအရာများတွင် အဆိပ်အတောက်များ ကင်းဝေးစေရန်၊ မိမိဘဝနှင့် မိမိဆိုင်ရာ ဘာသာရပ်၊ အကြောင်းကိစ္စများအတွက် သက်ဆိုင်ရာအကျိုးရှိမည့် စာအုပ်စာစောင်များကို ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် စာကြည့်တိုက်များသည် အကောင်းဆုံးသော ပညာဘဏ်တိုက်များဖြစ်သည်။
သုတ၊ ရသ အသိပညာဗဟုသုတစာပေအမျိုးမျိုးတို့ကို စာပေပညာရှင်အသီးသီးတို့က ပုဂ္ဂလိကကဏ္ဍမှ ထုတ်ဝေပေးလျက်ရှိသလို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတို့က သုတ၊ ရသ၊ ဗဟုသုတစာအုပ်စာပေတို့ကို အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် ပုံနှိပ်ထုတ်ဝေပေးလျက်ရှိသည်။ ထို့အပြင် ဟောင်းသော်လည်း ကောင်းမွန်နေဆဲဖြစ်သည့် ရှေးဟောင်းစာပေစာတမ်းများကို လေ့လာဖတ်ရှုနိုင်သည်။ ယခုအခါ အဆိုပါစာအုပ်စာတမ်းအမျိုးမျိုးတို့ကို နိုင်ငံတစ်ဝန်း စာကြည့်တိုက်များတွင် အသင့်ရှိနေရန် စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်သည်။
မှန်ကန်ကောင်းမွန်သည့် အသိပညာဗဟုသုတများကို ရှာဖွေရယူသိုမှီးထားခြင်းသည် လူတစ်ဦး၏ ဘဝတစ်လျှောက်လုံးဖြတ်သန်းမှုတွင် အထောက်အပံ့ကောင်းများ ရရှိနိုင်စေသည်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် မျှဝေပေးကြရမည်ဖြစ်သည်။ စာဖတ်ခြင်း၏ အကျိုးရလဒ်များကို သက်သေသာဓကများနှင့် လက်တွေ့အကျိုးဖြစ်ထွန်းနေမှုများကို မျှဝေအသိပေးခြင်းဖြင့် လူတစ်ဦးချင်းအလိုက် ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် စာအုပ်စာပေများကို စိတ်ပါဝင်စားစွာ ဖတ်ရှုလာကြမည်ဖြစ်သည်။ နမူနာအားဖြင့် ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် သုတစာပေများကို လေ့လာခြင်းဖြင့် အသိပညာဗဟုသုတ များရရှိပြီး လက်တွေ့အကျိုးဖြစ်ထွန်းသည်ကို မျှဝေကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံနှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံအတွင်း ပညာတတ်များ ပေါများလာရေးကို ရေရှည်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သလို ပြည်သူများ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားလာစေရန်အတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်နှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။