ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ
ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ
( ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် )
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျာ
ယနေ့ ခရစ်နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်၊ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အမြတ်တနိုး တန်ဖိုးထားသည့် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူး အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်မင်္ဂလာ နေ့ထူးနေ့မြတ်အချိန်အခါကို နှစ်စဉ်ပြာသိုလဆန်း (၁) ရက်နေ့တွင် ပျော်ရွှင်ကြည်နူးစွာကျင်းပဆင်နွှဲကြပြီး ထိုနေ့ကို နိုင်ငံတော်အစိုးရက မြန်မာတစ်နိုင်ငံလုံး တရားဝင်ရုံးပိတ်ရက်အဖြစ် လေးစားဂုဏ်ပြု သတ်မှတ်ပေးထားပါသည်။ နှစ်သစ်ကူးနေ့ကို ကောင်းမြတ်သောနေ့ဟု အဓိပ္ပာယ်ဖွင့်ကြပြီး နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသည့် ကရင်တိုင်းရင်းသားတို့၏ ကရင်အမျိုးသားနှစ်သစ်ကူးအချိန်အခါသမယမှသည် နှစ်သစ်အတွက် စိတ်သစ်လူသစ်ဖြင့် လန်းဆန်းတက်ကြွနေကြမည်ဟု ယုံကြည်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် တစ်ဦးနှင့်တစ်ဦး ဓလေ့ထုံးစံများ မတူကွဲပြားခြားနားကြသော်လည်း တိုင်းရင်းသားမျိုးနွယ်စုအားလုံး မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွ နေထိုင်လာခဲ့ကြပါသည်။ မွေးဖွားရာဇာတိ၊ နေထိုင်သည့်အရပ်ဒေသနှင့် ပြောဆိုသုံးနှုန်းသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊ ဓလေ့ထုံးတမ်းအစဉ်အလာ စသည်ဖြင့် မည်သို့ပင် ကွဲပြားခြားနားစေကာမူ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး ပြည်ထောင်စုကြီးအတွင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမတို့ကဲ့သို့ စုပေါင်းနေထိုင်လာခဲ့ကြပါသည်။
ကရင်တိုင်းရင်းသားများသည် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြပါသည်။ ထို့အပြင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း ဖြန့်ခွဲပျံ့နှံ့နေထိုင်လျက်ရှိကြပါသည်။ ကရင်တိုင်းရင်းသားတို့သည် သမိုင်းစဉ်တစ်လျှောက် တိုင်းရင်းသားအားလုံးနှင့် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြပါသည်။ ထို့ပြင် မိမိတို့နိုင်ငံ သူ့ကျွန်ဘဝကျရောက်ခဲ့စဉ်ကာလ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ကရင်တိုင်းရင်းသားတို့သည် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်အပြည့်အဝဖြင့် တိုင်းရင်းသားအားလုံးနှင့်အတူ အသက်သွေးချွေးတို့စတေးပြီး တိုက်ပွဲဝင်ခဲ့ကြသည်ကို သမိုင်းကသက်သေတည်လျက်ရှိသည်မှာ လေးစားဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
ကရင်တိုင်းရင်းသားတို့သည် ပင်ကိုသဘာဝအရ ရိုးသားအေးချမ်းပြီး မာန်မာနကင်းစင်ကြသည်။ သို့သော် ရဲရင့်ပြတ်သားပြီး ကတိသစ္စာလည်း ကြီးမားကြပါသည်။ နိုင်ငံအတွက် မျိုးချစ်စိတ်ဖြင့် အရေးကြီးက သွေးစည်းခဲ့ကြပါသည်။ ကရင်တိုင်းရင်းသားများသည် ဘိုးဘွားဘီဘင် အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းများ၊ သမိုင်း အမွေအနှစ်များကို လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းလိုပါသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကရင်တိုင်းရင်းသားများနည်းတူ အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးသည် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်ပြီး အားလုံးအတူတကွ ဥမကွဲသိုက်မပျက် တွဲလက်များညီညာပါက ပြည်ထောင်စုကြီးသည်လည်း စည်းလုံးညီညွတ်မှုဖြင့် အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည် ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်မငြိမ်၊ မအေးမချမ်းဖြစ်နေခြင်းကို သတိထားသင့်ကြပါသည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ယနေ့မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားပါသည်။ ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ ပြည်သူပြည်သားအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်ပါသည်။
စားရေရိက္ခာဖူလုံရေးအတွက် မူလစိုက်ပျိုးမွေးမြူရေးသာမက ခေတ်မီနည်းစနစ်များဖြင့် အစာအာဟာရ ထုတ်လုပ်ခြင်းများကိုလည်း တီထွင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်ချိန်တွင် သယံဇာတပစ္စည်းထုတ်လုပ်မှုများကို တတ်နိုင်သမျှထိန်းသိမ်းပြီး ပြည်ပသို့တင်ပို့ခြင်းမပြုလုပ်ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် ထွက်ကုန်များကိုသာ ပိုမိုတင်ပို့ခဲ့ပါသည်။ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းသားပြည်သူအားလုံးကလည်း စားရေရိက္ခာဖူလုံရေးအတွက် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ဆောင်ရွက်ရေးကို အထူးအားပေးဆောင်ရွက်ကြရန်လိုပါသည်။ ပြည်ပရောင်းတန်းဝင်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာမည်ဆိုပါက ပြည်သူတို့၏လူမှုစီးပွားဘဝများလည်း တိုးတက်လာသကဲ့သို့ နိုင်ငံတော်၏စီးပွားရေးမူဝါဒ မျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ညီမျှစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ
ယနေ့နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။ ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ပိုမိုရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ