နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ဆုံပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောမှုရှိစေရေးတို့ကို မှာကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည် သဘာဝဘေး အန္တရာယ်သတ်မှတ်ချက်တွင် အကျုံးဝင်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထောက်ပံ့ငွေများ လစဉ်ထောက်ပံ့ပေးသွားမည်ဟု သိရပြီး အဆိုပါလစဉ်ထောက်ပံ့ငွေကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့သူ များမရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက်ထောက်ပံ့ပေးအပ်နိုင်ရေး၊ ကောက်ယူရရှိသည့် စာရင်းများတွင်မပါဝင်ဘဲ ကျန်ကောက်ယူရရှိသည့်စာရင်းများကိုလည်း ထပ်မံတောင်းခံသွားရန်နှင့် စနစ်တကျစိစစ်ထောက်ပံ့သွားရန် လမ်းညွှန်ထားသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒအမှန်သည် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးဖြစ်သည်။ ပြည်သူများ၏ လူမှုဘဝလုံခြုံမှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမျှ ရာခိုင်နှုန်းပြည့်လုံခြုံမှုကို မရရှိနိုင်ဘဲ ရာဇဝတ်မှု၊ လုံခြုံရေးကျိုးပေါက်မှုများ နိုင်ငံတိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည်။
မည်သို့ပင်ဖြစ်စေ အစိုးရအနေဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်ရှိရာ ပြည်သူလူထုလုံခြုံမှုနှင့် လိုအပ်မှုကို အလျင်အမြန်ကူညီဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။ ဒေသတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသည်ကို နိုင်ငံတော်က ကူညီဆောင်ရွက်ပေးသော်လည်း နောင်တွင် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းမှု ခိုင်မာအောင် တည်ဆောက်ထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်မှစ၍ ပြည်သူ့လုံခြုံရေးစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံသားတိုင်းအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည်။
ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်ပြီး အဓိကဆောင်ရွက်ရမည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သက်ဆိုင်ရာနယ်မြေအလိုက် ဖွဲ့စည်းထားရှိပြီး စွမ်းရည်စွမ်းအားရှိသည့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်ကြိုးစားရမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်နေမှုများအပေါ် လိုအပ်သည့်အားပေးချီးမြှင့်မှုများ ပြုလုပ်သွားရန်၊ နေရာဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မှန်မှန်ကန်ကန်ဖြင့် တာဝန်ပေးအပ်နိုင်ရေး၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသအလိုက် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ အတူပူးပေါင်းလက်တွဲ၍ ဆောင်ရွက်သွားကြရန် နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။
ဆက်သွယ်သွားလာမှု လုံခြုံချောမွေ့စေရေးအပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ အများပြည်သူအသုံးပြုနေသည့် သွားလာဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုကျူးလွန်နေကြသည်။ လမ်းပန်းဆက်သွယ်မှုမလုံခြုံမှုကြောင့် ကုန်စည်စီးဆင်းမှုကို ထိခိုက်စေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများပါ ထိခိုက်မှုဖြစ်စေသည်။ ထို့ကြောင့် ဒေသအလိုက် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံရေးတို့ကို အထူးအလေးထား ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန်လိုအပ်သည်။
သို့ဖြစ်ရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းလက်တွဲပြီး လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ပိုမိုအားဖြည့်ဆောင်ရွက်ကြခြင်းအားဖြင့် ပြည်သူလူထုလုံခြုံစိတ်ချမှုကို ထိရောက်စွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။ ။