နေပြည်တော် မတ် ၂၇
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ သယ်ပိုးခဲ့ကြသူများကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် သူရဲကောင်းများစွာပေါ်ထွက်ခဲ့သည့် အစဉ်အလာကောင်းသမိုင်းကြောင်းများရှိသည့် နိုင်ငံတစ်ခုဖြစ်သည်မှာ အထောက်အထားခိုင်ခိုင်လုံလုံဖြင့်ရှိနေကြောင်း၊ ရိုးသားခြင်း၊ နှိမ့်ချခြင်း၊ ကိုယ်ချင်းစာတရားထားရှိခြင်းနှင့် မတရားမှုမပြုလုပ်ခြင်းတို့သည် မိမိတို့လူမျိုး၏ ထူးခြားလေးနက်သည့်သွင်ပြင် လက္ခဏာတစ်ခုလည်းဖြစ်ကြောင်း၊ သို့သော်လည်း ကိုယ့်အပေါ်မတရားမှုကျူးလွန်မှုဖြစ်လာခဲ့ပါက ထိုက်သင့်သည့်တုံ့ပြန်မှုများနှင့် ဇာတိပုညဂုဏ်မာန ရဲဝံ့ထက်သန်မှုရှိသည်ကို အကြိမ်ကြိမ် အခခါပြသနိုင်ခဲ့ကြသူများလည်းဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးလာချိန်တိုင်း မြန်မာပီပီခေါင်းငုံ့မခံဘူးဟူသည့် ဇာတိနှင့်အစဉ်အလာကို မြန်မာ့သူရဲကောင်းအဆက်ဆက်က ကမ္ဗည်းမော်ကွန်းထိုးခဲ့ကြသည်ကို စံပြုအတုယူဖွယ် တွေ့မြင်နိုင်ကြောင်း။
မိမိတို့တပ်မတော်သားများသည် တိုင်းပြည်နှင့်လူမျိုးကို ထိပါးလာသည့် အဖျက်ရန်စွယ်မှန်သမျှကို သူရသတ္တိအပြည့်ဖြင့်ယှဉ်ပြိုင် အနိုင်ယူခဲ့ကြသကဲ့သို့ ပြောင်းလဲတိုးတက်လာသည့် နည်းပညာများကိုလည်း ဆင့်ပွားတီထွင်နိုင်စွမ်းရှိအောင်ကြိုးစား ပုံဖော်နိုင်ခဲ့ကြကြောင်း၊ ထို့ကြောင့် ရဲစွမ်းသတ္တိအရာတွင် သာမကသိပ္ပံနှင့် နည်းပညာနယ်ပယ်များ၌ ထူးချွန်သူများကိုလည်း ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၂ ဦးကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ အားကစားကဏ္ဍများအပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် နယ်ပယ်အစုံမှ တိုင်းပြည်အကျိုး အားသွန်ခွန်စိုက်သယ်ပိုးနေသူများကို ထိုက်သင့်သည့် ဂုဏ်ပြုမှုများ ပြုလုပ်ပေးလျက်ရှိကြောင်းကို ပြောကြားလိုကြောင်း။
ယနေ့မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် ယခင်ကထက်လုပ်ငန်းတာဝန်များကို နေ့ညမနားဘဲ ဆထက်ထမ်းပိုးဆောင်ရွက်နေကြရကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် လေ့ကျင့်ရေးတာဝန်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေရသကဲ့သို့ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင်လည်း တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်လျက်ရှိကြောင်း၊ ပြည်သူများ၏ဘဝ လုံခြုံအေးချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးမှ တိုင်းပြည်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးစေရန် တပ်မတော်က ကြိုးစားဆောင်ရွက်ပေးနေခြင်းများသည် တပ်မတော်၏ စစ်မှန်သည့်သဘောထားနှင့် ရပ်တည်ချက်များဖြစ်သည်ကို ပြောကြားလိုကြောင်း။
ယနေ့အချိန်တွင် အားလုံးသိထားပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်စေရန် စီမံဆောင်ရွက်လျက်ရှိခြင်းကြောင့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တိုင်းပြည်၏ စစ်မှန်သည့်အင်အားသည် တိုင်းပြည်တွင်းမှာပင်ရှိခြင်းကြောင့် အဆိုပါအင်အားထုကို အကျိုးမဲ့မဖြစ်စေဘဲ၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုး ဝိုင်းဝန်းသယ်ပိုးမှသာ လျှောက်လှမ်းလိုသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ ရောက်ရှိမည်ဆိုသည်ကို အားလုံးသတိပြုမိကြရန် လိုအပ်ကြောင်း။
တိုင်းပြည်တစ်ပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၏အခြေခံသည် တည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခများ ကင်းဝေးခြင်းပင်ဖြစ်ကြောင်း၊ သို့မှသာ အခြေခံလမ်းတံတား အဆောက်အဦများ ပိုမိုတည်ဆောက်ပေးနိုင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုကောင်းမွန်စေခြင်း၊ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍစုံကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းအပြင် အခြားနိုင်ငံများနှင့်လည်း ယုံကြည်စိတ်ချစွာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုပြုလုပ်နိုင်မည်ဖြစ်ကြောင်း။
ထိုသို့မဟုတ်ပဲ ကျဉ်းမြောင်းသည့်လူမျိုးရေးအမြင်ဖြင့် ရှေ့တန်းတင်ပြီး အယူဝါဒအရေး၊ လူမျိုးစုအရေးဆိုသည့် ကိုယ့်ကျိုးအတ္တကို ခေါင်းစဉ်များတပ်ကာ အဖျက်လုပ်ရပ်များ လုပ်ဆောင်နေသမျှ လူများစုဖြစ်သည့် ဒေသခံပြည်သူများ၏ ဘဝများသာ ထိခိုက်နစ်နာရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆုံးရှုံးနစ်နာမှုများမဖြစ်ပေါ်စေရန် လိုအပ်သည့်ကာကွယ်မှုများပေးရမည်မှာ မိမိတို့တပ်မတော်နှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့ဝင်များ၏ တာဝန်ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အားသာချက်ဖြစ်သည့် တည်နေရာပထဝီအနေအထားကောင်းမွန်ခြင်း၊ မြေပေါ်မြေအောက် သဘာဝသယံဇာတပေါများခြင်း၊ မြေဆီလွှာများကောင်းမွန်ခြင်းတို့သည် နိုင်ငံအပေါ် အမြတ်ထုတ်လိုသူများအတွက် အခွင့်ကောင်းများပင်ဖြစ်ကြောင်း၊ အဆိုပါအခွင့်ကောင်းများကို ကိုယ်ကျိုးအတ္တအတွက် ပုံစံအမျိုးမျိုးဖြင့် ရယူသိမ်းပိုက်လိုသည့် ပြည်တွင်း/ ပြည်ပအဖျက်သမားများ၏ ရန်စွယ်မှန်သမျှမှ ကာကွယ်ထိန်းသိမ်းရင်း အသက်နှင့် ခန္ဓာစွန့်လွှတ်ခဲ့ရသည့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အစဉ်အောက်မေ့သတိရနေမည်ဖြစ်သည်ကို ထည့်သွင်းပြောကြားလိုကြောင်း။
ယခုအခမ်းအနားမှ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အခက်အခဲမှန်သမျှကို အမှုမထားဘဲ အသက်ခန္ဓာစွန့်လွှတ်ရဲသော ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့် သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြသည့် ပြည်သူ့သားကောင်းဇာနည်များဖြစ်ကြောင်း၊ မိမိတို့ထမ်းဆောင်ရသည့် တာဝန်များကို ခိုင်မာသည့်သန္နိဋ္ဌာန်စိတ်ဓာတ်၊ သူရဲကောင်းစိတ်ဓာတ်ပြည့်ဝစွာ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သဖြင့် အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ ယခုကဲ့သို့ ပြည်သူသားကောင်းဇာနည်များ၏ ကောင်းမွန်မြင့်မြတ်သည့် ယုံကြည်ချက်ခံယူချက်ကောင်းများဖြင့် သူရဲကောင်းပီသစွာရဲဝံ့စွန့်စားမှုများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းအမွေပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြပါဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်ချုပ် ၁ ဦး၊ ဗိုလ်မှူးကြီး ၃ ဦး၊ ရဲမှူးချုပ် ၁ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်မှူး/ဗိုလ်ကြီး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတိယတပ်ကြပ် ၂ ဦး တို့အား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့က တေးသီချင်း၊ အက၊ အလှများဖြင့် ဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။