Skip to main content

၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျင်းပသော နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ နယ်ချဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒို့တပ်မတော်ရဲ့ နှစ်(၈၀)ပြည့်တပ်မတော်နေ့ဖြစ်တယ်။ တစ်နည်းအားဖြင့် တပ်မတော်ဟာ သူတစ်ပါးဩဇာခံဘဝကနေ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အမျိုးသားတပ်မတော်အဖြစ် ကူးပြောင်းခဲ့တာကို ကမ္ပည်းမော်ကွန်းတင်ခဲ့တဲ့နေ့ဖြစ်သလို နိုင်ငံ့လွတ်လပ်ရေးအတွက် တပ်မတော်နဲ့ တိုင်းရင်းသားပြည်သူတွေ လက်တွဲပြီး ဖက်ဆစ်ဝါဒီတွေကို စတင်တွန်းလှန်မောင်းထုတ်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ မျက်မှောက်ခေတ်နိုင်ငံတော် ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းကြောင်းနဲ့ တစ်သားတည်းဆက်စပ်နေတာကြောင့် နှစ်(၈၀)ပြည့်မြောက်တဲ့ ဒီနေ့ဟာဒို့တပ်မတော်အတွက် ထူးခြားလေးနက်တဲ့ နေ့တစ်နေ့ဖြစ်လို့ ဒီလိုသမိုင်းဝင်နေ့ထူးနေ့မြတ်မှာ ရဲဘော်တို့ကို သိသင့်သိထိုက်တာတွေ အလေးထားမှာကြားသွားမှာဖြစ်တယ်။

ရဲဘော်တို့

ဒို့နိုင်ငံရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာအားကောင်း တဲ့ကာလတွေမှာ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ရယ်လို့ ထည်ဝါခန့်ညားစွာ ရပ်တည်နိုင်ခဲ့တာကို တွေ့ရှိရတယ်။ ကိုလိုနီနယ်ချဲ့တွေဟာ သယံဇာတပေါကြွယ်ဝတဲ့ ဒို့နိုင်ငံကို ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နဲ့ ၁၈၈၅ ခုနှစ်တို့မှာ မတရားကျူးကျော်စစ် ၃ ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့တာကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ လုံးဝလက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒို့နိုင်ငံကိုလိုနီဘဝကျရောက်ခဲ့ချိန်မှာတော့ နယ်ချဲ့တွေဟာ ကာလကြာရှည်ကျွန်ပြုနိုင်ဖို့အတွက် ပရိယာယ်အမျိုးမျိုးနဲ့ သွေးခွဲအုပ်ချုပ်မှုတွေပြုလုပ်ခဲ့ကြတယ်။ ဒီလိုသွေးခွဲအုပ်ချုပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားတွေအကြား အချင်းချင်းမယုံကြည်မှုတွေဟာ လွတ်လပ်ရေးရပြီးချိန်မှာ အယူဝါဒကွဲပြားမှုတွေနဲ့ရောယှက်ပြီး ကြီးမားတဲ့လက်နက်ကိုင်ပဋိပက္ခကို ဖြစ်စေခဲ့တယ်။ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုဟာ ၁၉၄၉ ခုနှစ်မှာ ပိုမိုဆိုးရွားလာခဲ့တာကြောင့် ဒို့တပ်မတော်အနေနဲ့ ရန်ကုန်အစိုးရလို့ခေါ်ရတဲ့ အနေအထားကနေ အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ပြီး တိုင်းပြည်ကိုကယ်တင်ပေးနိုင်ခဲ့တယ်။

တပ်မတော်အနေနဲ့ ပြည်တွင်းသောင်းကျန်းမှုတွေအပြင် တရုတ်ဖြူ(ကူမင်တန်)နဲ့ မူဂျာဟစ်ကုလားဆိုးတွေရဲ့ ပြည်ပကျူးကျော်မှုတွေ နှိမ်နင်းခဲ့ရတာ စွဲစွဲမြဲမြဲမှတ်ထားကြဖို့လိုသလို အဲဒီအချိန်အဲဒီကာလမှာ ပါတီအကွဲအပြဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကိုလည်း အိမ်စောင့်အစိုးရအဖြစ် ၁၉၅၈ ခုနှစ်မှာတာဝန်ယူပြီး နိုင်ငံတော်ကြီးတည်ငြိမ်အောင် အခက်အခဲမျိုးစုံကြားက ဖြေရှင်းဆောင်ရွက်ပေးခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ၁၉၆၂ ခုနှစ်မှာလည်း တပ်မတော်ကပဲ ကာကွယ်စောင့်ရှောက်ပေးခဲ့ရပြန်တယ်။

ဒါ့အပြင် ၁၉၈၀ အလွန်ကာလ အဲဒီအချိန်ကအာဏာရပါတီရဲ့ အားနည်းချက်တွေကြောင့် ၁၉၈၈ ခုနှစ်မှာ ဆူပူအုံကြွမှုတွေနဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေဖြစ်ပေါ်လာပြီး အုပ်ချုပ်ရေးယန္တရားတွေ ထိခိုက်ပျက်စီးလာချိန်မှာလည်း တပ်မတော်ကပဲ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ပြည်သူအများလိုလားတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို တပ်မတော်က ပုံဖော်ပေးခဲ့ပြီး ဒီမိုကရေစီအစိုးရ ၂ ဆက်မှာ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်စေရေးအတွက် တပ်မတော်အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ အာဏာရပါတီဟာ အလွန်ရုပ်ဆိုးအကျည်းတန်တဲ့ မဲမသမာမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး စစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့နိုင်ငံရေးလုပ်ရပ်ဖြစ်ခဲ့တယ်။ တပ်မတော်အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပေမယ့်လည်း တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး လွှတ်တော်ခေါ်၊ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းလမ်းနဲ့ အဓမ္မရယူဖို့လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ ဒို့တပ်မတော်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေ လက်ရှိအချိန်အထိ ခေတ်အဆက်ဆက်မှာ ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာမယ့်အန္တရာယ်တွေနဲ့ ကြုံတွေ့လာရတိုင်း နိုင်ငံတော်နဲ့ပြည်သူအတွက် စွမ်းစွမ်းတမံကာကွယ်စောင့်ရှောက်ပေးခဲ့သလို အနာဂတ်ကာလမှာလည်း ဆက်လက်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့နိုင်ငံမှာခေတ်စနစ်ရဲ့တောင်းဆိုချက်အရ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်တို့ကိုဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြုလုပ်ပြီး ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရရေးဆွဲထားခြင်းမဟုတ်ဘဲ နယ်ပယ်ကဏ္ဍအသီးသီးက ကိုယ်စားလှယ် ၁၀၀၀ ကျော်ပါတဲ့ အစုအဖွဲ့ ၈ ဖွဲ့နဲ့ အမျိုးသားညီလာခံတစ်ရပ်ကျင်းပပြီး ဖြတ်သန်းခဲ့ရတဲ့သမိုင်းကြောင်းများအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့ကြတာဖြစ်တယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၀(စ)မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်လို့ အတိအလင်းပြဋ္ဌာန်းထားတာနဲ့အညီ ဒို့တပ်မတော်အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လျက်ရှိတယ်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ၆(စ)မှာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ ဒို့တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်လျက်ရှိတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာ အခြေခံပြီး နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုသာ အစဉ်ရှေးရှုဖော်ဆောင်ဖို့ရည်ရွယ်တဲ့ ထာဝရတည်မြဲသော နိုင်ငံရေးပဲဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးမဟုတ်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့ နိုင်ငံ့အရေးဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ချိန် အစောပိုင်းကာလမှာ ဆူပူဆန္ဒပြမှုတွေသာ ဖြစ်ပေါ်ခဲ့ပေမယ့် အဲဒီအချိန်က လွှတ်တော်ကိုယ်စား လှယ်လောင်းအချို့ဟာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို ဥပဒေနဲ့အညီဖြေရှင်းလိုခြင်းမရှိဘဲ လူထုရဲ့စိတ်ခံစားချက်ကိုအသုံးချပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် ဆင်ခြင်တုံတရား ကင်းမဲ့စွာသွေးထိုးလှုံ့ဆော်လာခဲ့ကြတယ်။ အဲဒီကမှတစ်ဆင့် NUG၊ CRPH နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေဖွဲ့စည်းပြီး နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့တာကို တွေ့ရမှာပဲဖြစ်တယ်။ အဲဒါတွေနဲ့အတူ နိုင်ငံတော်အကျိုးကိုမလိုလားတဲ့ ပြည်ဖျက်မီဒီယာတွေဟာလည်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ပိုမိုကြီးထွားလာစေဖို့ အထောက်အပံ့မျိုးစုံရယူပြီး မဟုတ်မမှန်သတင်းတွေနဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်လာခဲ့ကြတယ်။ အစိုးရအုပ်ချုပ်မှုယန္တရားတွေ ဆက်ပြီးမလည်ပတ်နိုင်စေဖို့နဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်နဲ့ပြည်သူအပေါ် သစ္စာမဲ့ကာစွန့်ခွာသွားစေဖို့လှုံ့ဆော်တာတွေ လုပ်ဆောင်ခဲ့ကြသလို တစ်ဖက်ကလည်း ခံယူချက်သဘောထားအမြင်ချင်း မတူညီသူတွေ၊ သူတို့ကိုမထောက်ခံတဲ့သူတွေကို ဒလန်ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခြင်းဖြင့် ပြည်သူတွေကြားမှာ အကြောက်တရားကြီးစိုးလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာခဲ့ကြတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့ရယူဖို့ ပြည်ပအထောက်အပံ့တွေနဲ့အတူ ကြိုးစားလာခဲ့ခြင်းဖြစ်တယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ဟာလည်း နိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကိုအခွင့်ကောင်းယူပြီး PDF အမည်ခံအကြမ်းဖက်သမားတွေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ၊ သူတို့အလိုကျ ပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့ မြို့ရွာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ လမ်း၊ တံတား၊ ယာဉ်နဲ့ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြတယ်။ အထူးသဖြင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကျင့်သုံးနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနဲ့အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက်နယ်မြေအလိုက် နယ်တစ်နယ်၊ ဓားတစ်စင်းစစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်။

နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေကြတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ တိုက်ပွဲဖော်ဆောင်လာမှုတွေဟာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်ပစ္စည်းဥစ္စာတွေနဲ့ မြို့ရွာတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူအားလုံးက အလွန်ရွံရှာ စက်ဆုပ်မုန်းတီးနေကြပြီဖြစ်တယ်။ ဒါကြောင့် အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေမှုတွေကို လက်မခံနိုင်သလို ဒို့တာဝန်အရေးသုံးပါးကိုထိပါးလာတဲ့ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်တွေကိုလည်း လုံးဝလက်သင့်ခံလို့မရတဲ့အတွက် တပ်မတော်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်။

မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ တပ်မတော်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဉ်အလာမရှိတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေး သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရဲဘော်တို့အနေနဲ့ အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်သွားကြဖို့ အလေးထားမှာကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်လုပ်ဆောင်ရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့် ပြည်သူတစ်ဦးချင်းစီနဲ့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေပူးပေါင်းပြီး လုံခြုံရေးအသိရှိရှိ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်လျက်ရှိတယ်။ ဒီလိုဖော်ဆောင်ရာမှာ ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်တယ်။

ဒါ့အပြင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာနဲ့အညီ သတ်မှတ်ထားတဲ့ အသက်အရွယ်နဲ့အကျုံးဝင်တဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ခွင့်ရရှိရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ ပြည်သူ့စစ်မှုထမ်းတွေဟာ အလွှာပေါင်းစုံက ဝင်ရောက်တာဝန် ထမ်းဆောင်ကြသူတွေဖြစ်ပေမယ့်လည်းအတူ စုပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရောင်အသွေးတူ၊ အတွေးအမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်တူညီသူတွေ ဖြစ်လာပြီးတော့ နောင်တော်တပ်မတော်သားတွေနဲ့အတူလက်တွဲပြီး နိုင်ငံတစ်ဝန်း တာဝန်ကျရာတပ်အသီးသီးမှာ ကိုယ်စီတာဝန်တွေ ထမ်းဆောင်နေကြပြီဖြစ်တယ်။ ဒါကြောင့် တာဝန်သိနိုင်ငံ့သားကောင်းတွေဟာ ပြည်သူ့စစ်မှုထမ်းတွေအဖြစ် ခိုင်မာတဲ့အင်အားစုတစ်ရပ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ဒို့တပ်မတော်အနေနဲ့ ကျရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်တယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းတည်ပြီး နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့ လိုအပ်တယ်။ ပြည်ထောင်စုစိတ်ဓာတ်ဟာ အတိတ်သမိုင်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရင်းခံဖြစ်ခဲ့သလို အနာဂတ် ဒီမိုကရေစီနိုင်ငံတော်အတွက် လည်း အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒို့နိုင်ငံမှာ တိုင်းရင်းသားအားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်သူတွေဖြစ်လို့ အရေးကြုံလာရင် ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်ဓာတ်နဲ့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အေးအတူပူအမျှ တစ်သွေးတည်း တစ်သားတည်းရှိတယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိဖို့ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တယ်ဆိုတာပြောကြားလိုတယ်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့စကားအတိုင်း ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှုအင်အားတွေနဲ့အတူ တက်ညီလက်ညီ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့ရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်ကြောင်း အလေးထားပြောကြားလိုတယ်။

ဒီလိုတည်ဆောက်နိုင်ဖို့လုပ်ဆောင်ရာမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အလွန်အရေးကြီးတယ်။ ဒို့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေနဲ့ပတ်သက်ရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မှာဖြစ်တယ်။ ဒါ့အပြင် လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်။ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆို လမ်းဖွင့်ထားကြောင်း ထပ်မံအသိပေးပြောကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်ကစပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်တွေ ချမှတ်ဆောင်ရွက်ခဲ့တယ်။ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်အာဏာလွှဲအပ်နိုင်ရေး ဦးတည်ထားပြီး ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ပြန်လည်ကျင်းပပေးဖို့ တစိုက်မတ်မတ် ချမှတ်ထားတယ်။

နိုင်ငံ့တာဝန်ထိန်းသိမ်းပေးနေတဲ့ တပ်မတော်ရဲ့ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ယခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေဆောင်ရွက်လျက်ရှိရာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဒေသအလိုက် လုံခြုံရေးအခြေအနေတွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်လို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ တစ်နည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိဖို့၊ ပြည်သူလူထုရဲ့ စစ်မှန်တဲ့လိုလားချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်စေဖို့နဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆောင်ရွက်နေတယ်။

ရဲဘော်တို့

ဒို့တပ်မတော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင် ဖို့အတွက် တပ်တိုင်းရဲဘော်တိုင်းမှာ “စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှုဆိုတဲ့ အခြေခံအရည်အချင်း(၅)ပါးနဲ့ ပြည့်စုံဖို့လိုအပ်တယ်။ အဲဒီအခြေခံအရည်အချင်းတွေနဲ့ပြည့်စုံပြီး အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ဖြစ်လာစေဖို့အတွက် “လေ့ကျင့်ရေးနှင့် တည်ဆောက်၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်၊ သက်သာချောင်ချိရေးနှင့် တည်ဆောက်၊ စိတ်ဓာတ်နှင့်တည်ဆောက်ဆိုတဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ်နဲ့အညီ တည်ဆောက်သွားရမှာဖြစ်တယ်။

တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်ဟာ တစ်ခုနဲ့တစ်ခုဆက်စပ်လျက်ရှိပြီး တပ်တွေရဲ့ လေ့ကျင့်မှုတွေမှန်ကန်မယ်၊ အုပ်ချုပ်ထောက်ပံ့မှုတွေကောင်းမွန်မယ်၊ သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုတွေ ပြည့်ဝနေမယ်ဆိုရင် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအပေါ် ခင်မင်တွယ်တာမှု၊ တပ်မတော်အပေါ် လေးစားယုံကြည်အားကိုးမှု၊ တပ်မတော်နဲ့ နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံလိုမှု စတဲ့ စိတ်ဓာတ်ကောင်းတွေဖြစ်ပေါ်လာမှာပဲဖြစ်တယ်။ အဲဒီလိုစိတ်ဓာတ်ကောင်းတွေနဲ့အတူ စည်းလုံးညီညွတ်မှုခိုင်မာအားကောင်းတဲ့ တပ်ဖွဲ့တစ်ခုကို တည်ဆောက်ထားနိုင်မှသာ နိုင်ငံတော်နဲ့တပ်မတော်က ပေးအပ်လာတဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်မှာဖြစ်လို့ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄)ရပ်ကို အလေးထားဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်သားတွေဟာ အများသူငှာလုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြရတဲ့သူတွေဖြစ်တာကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ အထူးလိုအပ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ အနိုင်မခံ၊ အရှုံးမပေးချင်တဲ့စိတ်ဆန္ဒကနေ ဖြစ်တည်လာတာကြောင့် ရဲဘော်တို့အနေနဲ့ “တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ် စတဲ့ တပ်မတော်ရဲ့စိတ်ဓာတ်တွေကို လေ့ကျင့်မွေးမြူထားကြရမှာဖြစ်တယ်။ ဒါမှသာ နိုင်ငံတော်နဲ့ တပ်မတော်က ပေးအပ်လာတဲ့ တာဝန်တွေကို အသက်ကိုပဓာနမထားဘဲ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ကျေပွန်အောင် ထမ်းဆောင်နိုင်မှာဖြစ်တယ်။ အဲဒီလိုတာဝန်ထမ်းဆောင်တဲ့အခါမှာ ဒို့တပ်မတော်ဟာ စည်းကမ်းကို အခြေပြုပြီးဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် တစ်ဦးချင်းကိုယ်စီ စည်းကမ်းလိုက်နာမှုဟာ အရေးကြီးတယ်။ ဒို့တပ်မတော် ဒီနေ့အချိန်ထိ မယိမ်းမယိုင်ရပ်တည်နိုင်ခြင်းဟာ စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကြောင့်ဖြစ်တယ်။ ဒို့တပ်မတော်သားအားလုံးအနေနဲ့ စစ်သည်တော်ကောင်းတစ်ဦးဖြစ်ဖို့ အခြေခံဖြစ်တဲ့ ကျင့်ဝတ် ၆၀ ပါးကို ခါးဝတ် ပုဆိုးပမာ မြဲမြံစွာစောင့်ထိန်းကြရမှာဖြစ်သလို စစ်မြေပြင် စည်းကမ်းတွေ၊ လုပ်ငန်းခွင်စည်းကမ်းတွေ၊ နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပဒေတွေ၊ နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ စစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) တွေကိုလည်း တိကျစွာလိုက်နာကြဖို့ လိုအပ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ဥပဒေကို လေးစားလိုက်နာတဲ့ စစ်သည်တော်ကောင်းတွေဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြဖို့ အလေးအနက်ထား မှာကြားလိုတယ်။

ရဲဘော်တို့

ရယူခြင်း၊ ခံစားခြင်းဆိုတာ သက်ရှိသတ္တဝါတိုင်း ပြုမူကြတာဖြစ်ပေမယ့် စွန့်လွှတ်ခြင်းဆိုတာကတော့ မြင့်မြတ်တဲ့ လူသားတချို့သာပြုမူနိုင်ကြတဲ့ အမူအကျင့်ပဲဖြစ်တယ်။ မိမိတိုင်းပြည်အတွက်၊ မိမိပြည်သူအတွက်၊ မိမိနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအတွက် မိမိအသက်ခန္ဓာကို ပေးလှူစွန့်စားခြင်းဆိုတာကတော့ အာဇာနည်သူရဲကောင်း စိတ်ဓာတ်ပိုင်ရှင်တွေသာ ပြုမူနိုင်ကြတဲ့ အမူအကျင့်ပဲဖြစ်တယ်။ အဲဒီအမူအကျင့်တွေနဲ့ ပြည့်ဝနေသူတွေဟာ အများတကာလုပ်ဆောင်ဖို့ ခဲယဉ်းတဲ့ တာဝန်တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရချိန်မှာ စွန့်လွှတ်စွန့်စားမှုအပြည့်နဲ့ ဆောင်ရွက်ကြသလို နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လိုအခက်အခဲကိုမှ အမှုမထားဘဲ မိမိအသက်ခန္ဓာကို စွန့်လွှတ်နိုင်တဲ့အထိ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ ပြောင်မြောက်တဲ့ သူရသတ္တိတွေနဲ့ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လေ့ရှိကြတယ်။ ဒါတွေဟာ စစ်သည်တော်ကောင်းတစ်ဦးမှာရှိအပ်တဲ့ အရည်အချင်းတွေဖြစ်ပြီး ဒီလိုခိုင်မာတဲ့ သန္နိဋ္ဌာန်စိတ်ဓာတ်တွေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်ရင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအားလုံးကို ပြည်သူ့သားကောင်းအာဇာနည်တွေအဖြစ် အစဉ်အသိအမှတ်ပြု လေးစားဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ ဒါ့အပြင် လေးချက်သောသစ္စာကို နေ့စဉ်ရွတ်ဆိုပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ရဲဘော်တို့ဟာလည်း အမိနိုင်ငံတော်ရဲ့ မြတ်နိုးတန်ဖိုးထားဖွယ်ရာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်တွေ ဖြစ်တဲ့-

- ဒို့တာဝန်အရေး(၃)ပါးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး(၃)ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအား ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရေး။

- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး။

- နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရေး။

- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်ကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး။

စတဲ့ ဦးတည်ချက်တွေနဲ့အညီ ပြည်သူလူထုက ယုံကြည်အားထားရတဲ့ တပ်မတော်သားကောင်းတွေအဖြစ် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်မှတ်တမ်းရေးထိုးသွားကြပါလို့ အလေးအနက်ထားမှာကြားရင်း နိဂုံးချုပ်လိုက်တယ်။        ။