နေပြည်တော် ဇူလိုင် ၃
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ ရေကြီးနစ်မြုပ်မှုမှကာကွယ်ရန် Check Gate ၂ ပေါက်တည်ဆောက်ပေးရေး၊ ရေလှောင်တမံအပြီး သတ်တည်ဆောက်ပေးနိုင်ရေးနှင့် ရေထိန်းတာများ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် မေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်းနှင့် အဆို (၁) ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ငပုတောမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့်၏ ငပုတောမြို့နယ်အတွင်းရှိ လပွတ္တာ (ကျောက်ဖျာလေး) သုံးခွ၊ အုတ်တွင်း၊ ထိပ်စွန်းလမ်းအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ငပုတောမြို့နယ်အတွင်းရှိ လပွတ္တာ (ကျောက်ဖျာလေး) - သုံးခွ - အုတ်တွင်း - ထိပ်စွန်းလမ်း၏ ရေပေါ်ကြီးကျေးရွာနှင့် သက္ကယ်သောင်ကျေးရွာကြား၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မိုင်တိုင် ၂၃/၁ မှ ၂၃/၅ ဒသမ ၅ အထိ မူလအမာခံလမ်းအား ၁၂ ပေ အကျယ် ၄ဒသမ ၅ ဖာလုံ ကတ္တရာလမ်းခင်းခြင်း၊ သွားလာမှုအများဆုံးလမ်းပိုင်း ရေပေါ်ကြီးကျေးရွာမှ အုတ်တွင်းကျေးရွာကြားရှိ ဆိုးရွားစွာပျက်စီးနေသော လမ်းပိုင်းအချို့အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဦးစားပေးအပိုင်းလိုက် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ဦးစားပေးအလိုက် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ အုတ်တွင်း မြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စု ဟင်းငုတ်ပင်- ဝဲဒေါင့်- ပိတောက်ခင် ကျောက်ချောလမ်းပိုင်း ၇/၁ မိုင်အား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဟင်းငုတ်ပင်-ဝဲဒေါင့်- ပိတောက်ခင်ကျောက်ချောလမ်းပိုင်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိအခြေအနေသည် ကွန်ကရစ်လမ်းအရှည် ၁ မိုင်၊ ကျောက်လမ်း ၂ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၆ ဖာလုံနှင့် မြေသားလမ်း ၈ မိုင် ၃ ဖာလုံ၊ စုစုပေါင်း လမ်းမိုင်အရှည် ၁၂ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းရှိ မြေသားလမ်းနှင့် အမာခံလမ်းများအား ပထမအဆင့်အနေဖြင့် ကျောက်လမ်းအဆင့်သို့လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ကွန်ကရစ်လမ်းအဆင့်သို့လည်းကောင်း ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေးဆောင်ရွက်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
မြန်အောင်မဲဆန္ဒနယ်မှ ဦးအောင်ဝင်းဆွေ၏ မြန်အောင်မြို့နယ် ကနောင်-အင်ပင်လမ်းပိုင်းတွင် ကနောင်-တာငါးဆုံလမ်းပိုင်းအား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကနောင်-အင်ပင် လမ်းပိုင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ ကနောင်-စာဖြူစု (တာငါးဆုံ) လမ်းပိုင်းသည် ၅ မိုင် ၅ ဖာလုံအရှည်ရှိသည့် ကျောက်လမ်းဖြစ်ပါကြောင်း၊ အဆိုပါ ကနောင်-စာဖြူစု (တာငါးဆုံ)လမ်းပိုင်းအတွင်း ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် နှစ်အလိုက် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ ဥတ္တရသီရိ မြို့နယ် ကျေးရွာ (၉) ရွာ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိရေး UTM မြေပုံအစား Coordinate စနစ် ဖြင့်ပြောင်းလဲ၍ အမိန့်စာထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ဥတ္တရသီရိမြို့နယ်နှင့် ဥတ္တရသီရိ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် သစ်တောပယ်ဖျက်မိန့်တွင် ပါ ဝင်သော မိုးစွေကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၉) ရွာတို့တွင် သစ်တောဧရိယာအတွင်း ကျရောက်လျက်ရှိသည့်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ထုတ်ပေးနိုင်ခြင်းမရှိသေးသော်လည်း သစ်တောဧရိယာအတွင်း ကျရောက်ခြင်းမရှိသည့် သရက်တောကျေးရွာအုပ်စု၊ ကျေးရွာပေါင်း ၃ ရွာရှိ လယ်ယာမြေဧက ၂၈၉ဝ ၊ တောင်ညိုကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှ လယ်ယာမြေ ဧက ၁၈၃၀ နှင့် မင်းကုန်းကျေးရွာအုပ်စု၊ ကျေးရွာ ပေါင်း ၁ဝ ရွာရှိ လယ်ယာမြေ ၂၁၆၄ ဧက စုစုပေါင်း လယ်ယာမြေ ၆၈၈၄ ဧကအား ပုံစံ-၇ ထုတ်ပေးထားပြီးဖြစ်ပါကြောင်း။
ဥတ္တရသီရိမြို့နယ်မှ ကျေးရွာ ၉ ရွာအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ရာတွင် နယ်နိမိတ်လားရာအမှတ်များအား မြေကိုင်တွယ်အသုံးပြုနေသည့် ဌာနဆိုင်ရာများနှင့် စနစ်တူညီစေရန်အတွက် GPS Point အမှတ်များ ပြန်လည်ကောက်ယူရန်လိုအပ်ခြင်း၊ UTM မြေပုံအား GIS Coordinate ပူးတွဲပါဝင်သည့် ရည်ညွှန်းမှတ်များနှင့် ကိုက်ညီအောင် (Georeference) ပြန်လည်စိစစ်ရန်လိုအပ်ခြင်း၊ နယ်နိမိတ်မျဉ်းများအား GIS Software အသုံးပြု၍ အသေးစိတ်ရေးဆွဲရန် (Digitize ပြုလုပ်ခြင်း) လိုအပ်ခြင်း၊ ကွေးကောက်သည့် နယ်နိမိတ် လမ်းကြောင်းများတွင် တိကျစွာဖော်ပြနိုင်ရန် Point အမှတ်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ၁ဝ ပေခန့်ဖြင့် Point အမှတ်များစွာ ဖော်ပြရန်လိုအပ်မည်ဖြစ်ခြင်း၊ Software/Hardware လိုအပ်ချက်ရှိခြင်း၊ နေရာ တစ်ခုတည်းတွင် ဆောင်ရွက်ရမှုမျိုးမဟုတ်ဘဲ နေရာများစွာတွင် ဆောင်ရွက်ပေးရမည်ဖြစ်ခြင်းတို့ကြောင့် အချိန်ယူ၍ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ မူလဆောင်ရွက်ပြီးစီးခဲ့သည့် ကိစ္စရပ်များအပေါ် ပြင်ဆင်ဆောင်ရွက်မည်ဆိုပါက နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက နိုင်ငံတော်သမ္မတရုံးသို့မူဝါဒခံယူတင်ပြ၍ ခွင့်ပြုချက်ရရှိပါက ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ငလိုက်ကြိုးဝိုင်းအတွင်းမှ ကျေးရွာ ၉ ရွာ၊ ဧရိယာ ၆၁၇ ဒသမ ၆၈၃ ဧကအား သစ်တောပယ်ဖျက်ပေးခဲ့သည့်အပေါ် ပူးပေါင်းအဖွဲ့မှ ပြန်လည်ကွင်းဆင်းတိုင်းတာရရှိခဲ့သည့် ဧရိယာ ၆၈၄ ဒသမ ၁၇ ဧကဖြင့် အမိန့်ကြော်ငြာစာပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးရေးကို နေပြည်တော်ကောင်စီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနများသို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးနိုင်ရေးလုပ်ငန်းကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၏ ကော့မှူးမြို့နယ်ရှိ သမင်ခြံ၊ တာတိုက်နှင့်သရက်တောကျေးရွာအုပ်စုများရှိ မိုးစပါးဧကများ ရေကြီးနစ်မြုပ်မှုမှကာကွယ်ရန် Check Gate ၂ ပေါက် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကော့မှူးမြို့နယ်ရှိ သမင်ခြံကျေးရွာအုပ်စု၊ တာတိုက်ကျေးရွာအုပ်စုနှင့် သရက်တောကျေးရွာအုပ်စုများတွင် မိုးစပါးဧက ၂၀၀၀ ကျော် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်နှင့် နွေစပါးဧက ၂၅၀ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ပကောက် Check Gate တည်ဆောက်ရန် လျာထားတည်နေရာရှာဖွေထားပါကြောင်း၊ ပကောက် Check Gate တည်ဆောက်ရန်လျာထားနေရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တောင်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပကောက် Check Gate တည်ဆောက်ပေးနိုင်ရန်အတွက် လိုအပ်ရန်ပုံငွေအား ၂ဝ၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဖြူးမဲဆန္ဒနယ်မှ ဦးမြင့်ဇော်လင်း၏ ကွန်းချောင်းဆည်ရေလှောင်တမံသည် ၂ဝ၁၆ ခုနှစ်တွင် ရပ်နားထားခဲ့သဖြင့် ပြန်လည်တည်ဆောက်ပေးနိုင်မှု ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကွန်းချောင်းပေါ်တွင် ကွန်းချောင်းရေလှောင်တမံကို စက်တပ်ဆင်အင်အား ၂၀ မဂ္ဂါဝပ်၊ တာဘိုင် ၃ လုံးဖြင့် လျှပ်စစ်ဓာတ်အား ၆၀ မဂ္ဂါဝပ် ထုတ်လုပ်ရန်ရည်ရွယ်၍ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန မှ ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ကွန်းချောင်းရေလှောင်တမံမှထုတ်လွှတ်သည့် ရေများဖြင့် ကျောက်တံခါးမြို့နယ် တောကျွဲအင်း၊ ပဲနွယ်ကုန်းဒေသများရှိ ဆည်ရေသောက်ဧရိယာဧက ၃၅၀၀၀ အား သီးထပ်များ ပိုမိုစိုက်ပျိုးနိုင်ရန်ရည်ရွယ်ပြီး ကွန်းချောင်းရေလွှဲဆည်နှင့် ဆည်ရေသောက် စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၁၄-၂၀၁၅ ခုနှစ်အထိ ပြည်ထောင်စုရန်ပုံငွေ ဖြင့် ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ဒသမ ၃၆ ရာခိုင်နှုန်း၊ ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ၁ ဒသမ ၁၆ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့ပြီးဖြစ်၍ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၈ ဒသမ ၄၁ ရာခိုင်နှုန်းပြီးစီးခဲ့ပါကြောင်း မြန်မာနိုင်ငံဆည်မြောင်းဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ကွန်းချောင်းရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းအား အိန္ဒိယချေးငွေဖြင့်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့ပါကြောင်း။
လက်ရှိကာလတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် WAPCOS Limited တို့ အကြား ချုပ်ဆိုထားသော အတိုင်ပင်ခံစာချုပ် သက်တမ်းမှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ချေးငွေသဘောတူစာချုပ်တွင် သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်ခြင်းကြောင့် လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ ၅ နှစ်စီမံကိန်းတွင် ကြိုတင်ထည့်သွင်းရေးဆွဲခဲ့ပြီးဖြစ်သည့်အပြင် ၂ဝ၂၇-၂၀၂၈ ခုနှစ် နိုင်ငံပိုင်အခန်းကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင် ထည့်သွင်းထားပြီးဖြစ်ပါသဖြင့် ၂၀၂၇-၂၀၂၈ ခုနှစ်မှ စတင်ကာ ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝချောင်းမြောင်းများ တိမ်ကောပျက်စီးနေခြင်း၊ “ငဝန်တာ၊ ပန်းလှိုင်တာနှင့် ပင်လယ်ရေချို၊ ရေငန်အစပ်ရေထိန်းတံခါးများ၊ ကျွန်းပတ်တာတမံများအား” ပြန်လည်တူးဖော်တည်ဆောက်ခြင်းများ မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဘေးမှ ကာကွယ်ရန်အတွက် အရေးကြီးရေဘေးကာကွယ်ရေးတာတမံ ၈ ခု၊ ကျွန်းပတ်တာ ၂၂ ခု၊ ရေငန်တားတာ ၁၅ ခု၊ အခြားရေဘေးကာကွယ်ရေးတာငယ် ၁၉ ခု၊ စုစုပေါင်းတာတမံ ၆၄ ခုနှင့် ရေတံခါး ၂၀၉ ခု တည်ဆောက်ထိန်းသိမ်းထားပြီး ဧရိယာဧက ၁၇ သိန်းကျော်ကို ကာကွယ်ထားရှိပါကြောင်း၊ အရေးကြီးရေဘေးကာကွယ်ရေးတာတမံ ၈ ခုဖြစ်သော ငဝန်တာ၊ ဧရာဝတီ-ဟင်္သာတတာ၊ ဧရာဝတီအရှေ့ဘက် ကမ်းတာ၊ မြန်အောင်တာ၊ ကြံခင်းတာ၊ ညောင်တုန်းကျွန်းတာ၊ တာဝ-ပါလှဲ့-ကုက္ကိုဝတာ၊ မအူပင်ကျွန်းတာများ တည်ဆောက်ပြီးစီးခဲ့သည်မှာ ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၁၄၀ ခန့်ရှိပြီး ရေငန်တားတာနှင့် ကျွန်းပတ်တာများ၊ အခြားရေဘေးကာကွယ်ရေးတာငယ်များ တည်ဆောက်ပြီးစီးခဲ့သည်မှာ နှစ်ပေါင်း ၄၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း။
အဆိုပါတာများအား ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ရေဘေးကာကွယ်ရေးတာများ၊ ကျွန်းပတ်တာများ၊ ရေငန်တားတာများ ပြုပြင်တည်ဆောက်ခြင်းများအား ဦးစားပေးအလိုက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် နုန်းတင်တိမ်ကော၍ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကိုလည်း နှစ်စဉ်လျာထားစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တာတမံပြုပြင်ခြင်းလုပ်ငန်း ၁၄၁ ခု၊ ရေတံခါးပြုပြင်ခြင်းလုပ်ငန်းအခု ၄၀၊ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ၆၇ ခုတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တာတမံများ၏ကြံ့ခိုင်မှုကို သိရှိနိုင်ရန်အတွက် တာတမံစစ်ဆေးရေးအဖွဲ့များကို နှစ်စဉ်ဖွဲ့စည်း၍ ပြုပြင်ရန်လိုအပ်မည့် အခြေအနေများကို စစ်ဆေးတင်ပြစေကာ လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများကို ဦးစားပေးအလိုက် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ ထိန်ဝင်းက “မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများမှရရှိသော ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျထိရောက်စွာ စီမံခန့်ခွဲ၍ နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်မူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်ရန်လိုအပ်သည့် “အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်” တစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်းရာ သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးက ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ဇူလိုင် ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
