နေပြည်တော် ဇူလိုင် ၈
အလုပ်သမားဝန်ကြီးဌာန၏ ဂုဏ်သိက္ခာရှိသော ရွှေ့ပြောင်းသွားလာခြင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့မိသားစုဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုဆီသို့ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်များ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာပြင်ပကျွမ်းကျင်သူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ ပုဂ္ဂလိကဘဏ်များ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နှင့် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာ ထောက်ပံ့ပေးနိုင်သော မိသားစုလွှဲပို့ငွေရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၁၀ ခုကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုမရှိစေရေးနှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် ပြည်တွင်း/ပြည်ပလုပ်သား ဈေးကွက်မြှင့်တင်ရေး၊ ရွှေ့ပြောင်းလုပ်သားများ၏ လွှဲပို့ငွေမှတစ်ဆင့် ၎င်းတို့မိသားစုဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး စသည်တို့ကို သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သူများက ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
