ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ်ဆားတစ်ပွင့်ပမာတူညီသည်။ ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရခြင်းစျေးကွက်များ ဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှုအထောက်အကူပြု အလုပ်နေရာများဖြစ်သည့် အိမ်တွင်းဧည့်ကြိုများ၊ သန့်ရှင်းရေး အလုပ်သမားများ၊ ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့်ရှောက်ပေးရသူများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ပေးရသူများ၊ လုံခြုံရေးဝန်ထမ်းများ အစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင်လုပ်ကိုင်လာကြသည်ကိုတွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် လုပ်ခလစာပိုမို ရရှိသည့်နိုင်ငံများကို ရွေးချယ်သွားလာနေကြခြင်း ဖြစ်ပါသည်။