ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျေးလက်နေတောင်သူများ၏ လယ်ယာလုပ်ငန်းခွင်ဆောင်ရွက်နေမှုများကလည်း ခေတ်မီလာပြီဟုဆိုချင်ပါသည်။ ယခင်အချိန်များက မိရိုးဖလာ ကျွဲ၊ နွားများဖြင့် ထွန်ယက်စိုက်ပျိုးခဲ့ကြရာမှ ယနေ့ခေတ်ဆိုလျှင် လယ်ယာသုံးစက်ကိရိယာများသုံးစွဲကာ စိုက်ပျိုးလုပ်ကိုင်နေကြသည်ကို တွေ့မြင်နေရပါသည်။ လယ်ယာလုပ်သားရှားပါးမှု၊ အချိန်ကုန်သက်သာမှု၊ ကွက်ပြည့်စိုက်ပျိုးနိုင်မှု၊ အထွက်နှုန်းတိုးတက်မှု၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်နည်းပါးမှုစသည့် ကောင်းကျိုးများကို သိရှိလာကြသော တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုလာမှုသည် ပစ္စက္ခကာလများအတွင်း များပြားလာသည်မှာ ငြင်းဖွယ်မရှိပါ။