တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည်။ ညဉ့်အချိန်တွင် နှင်းမှုန်ဖြူလွလွ ကလေးများက ဇာပဝါလိုခြုံလွှမ်းထားပြီး လွန်စွာချမ်းအေးလှသဖြင့် “နှာရည်ယိုရွှဲ တပို့တွဲ” ဟုခေါ်ဆိုကြသည့်အတိုင်း အပူနှင့်အအေး လွန်ဆွဲနေသည့်ကာလလည်းဖြစ်ပါသည်။ တပို့တွဲလသည် ဆောင်းအကုန် နွေအကူးလဖြစ်သည် တပို့တွဲလတွင် ပေါက်ပန်း၊ လဲပန်းများနှင့် ဆူးပန်းများ ပွင့်လေ့ရှိကြပြီး ရဲရဲနီသော ပေါက်ပွင့်တို့က တပို့တွဲလ၏ ထင်ရှားသည့် အလှတစ်ပါးပင် ဖြစ်သည်။ ဆောင်းရာသီ၏ ငွေရောင်အခင်းအကျင်းအောက်တွင် နီရဲနေသော ပေါက်ပန်းများကို ကြည့်ရသည်မှာ ပန်းချီကားတစ်ချပ်လိုပင် ဖြစ်နေသည်။