ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားစံနှုန်းများ
ကိုယ်ကျင့်တရားကောင်းမွန်ရေးဆိုသည်မှာ ယခုရေတွင်းတူး၊ ယခုရေကြည်သောက်၍မရဘဲ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ရသောအရာတစ်ခုဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ လုပ်သင့်သည်ကို လုပ်ခြင်း (စာရိတ္တသီလ)နှင့် မလုပ်သင့်သည်ကို မလုပ်ခြင်း (ဝါရိတ္တသီလ)ပင်ဖြစ်သည်။ ကိုယ်ကျင့်တရားကို အင်္ဂလိပ်ဘာသာစကားဖြင့် Morality ဟု ခေါ်ဆိုပြီး ဂုဏ်ဒြပ်တစ်ခု၊ လူတစ်ယောက်၏အဆင့်အတန်းကို တိုင်းတာသော ပေတံတစ်ခု၊ အကောင်းဆုံးအဆင် တန်ဆာတစ်ခုအဖြစ် မှတ်ယူကျင့်သုံးကြပါသည်။ “လူသေသော်လည်း နာမည်မသေ” ဆိုသည့်စကားအတိုင်း လူတစ်ယောက်သည် ကိုယ်ကျင့် တရားကောင်းမွန်မည်ဆိုပါက ၎င်းကျင်လည်ရာပတ်ဝန်းကျင်တွင် လူသေသည့်တိုင်အောင် နာမည်ဂုဏ်သတင်းမွှေးပျံ့နေမည် ဖြစ်ပါသည်။ မိမိ၏ဂုဏ်သတင်းသည် မိမိမိသားစု၏ဂုဏ်သတင်းဖြစ်သည်၊ မိမိသားသမီး၏ဂုဏ်သတင်းဖြစ်သည်။ မြန်မာဆိုရိုးစကားတွင် “စမ်းရေဘယ်လောက်အေးအေး၊ စန္ဒကူးဘယ်လောက်မွှေးမွှေး လောကတွင် အအေးဆုံး၊ အမွှေးဆုံးမှာ ကိုယ်ကျင့်တရားပင်ဖြစ်သည်” ဟု အဆိုရှိသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်ကျင့်တရားကို ခါးဝတ် ပုဆိုးကဲ့သို့ ခိုင်မာမြဲမြံစွာစောင့်ထိန်းရမည်ဖြစ်ပါသည်။
