နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း အဂတိလိုက်စားမှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာ ၃၀-၆-၂၀၂၂ ရက်အထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှု ၂၃၁ မှုကို အရေးယူ ဆောင်ရွက်ခဲ့ပါသည်။ ဖော်ထုတ်ခဲ့သည့်အမှုများ၏ အဂတိလိုက်စားမှုများတွင် ကျူးလွန်ခဲ့သူများမှာ နိုင်ငံရေးအရ ရာထူးတာဝန်ကြီးများ ထမ်းဆောင်ခဲ့ကြသူများနှင့် တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်များ ပါဝင်နေကြောင်းကို လေ့လာတွေ့ရှိရပြီး နိုင်ငံတော်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ထင်ရှားပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအခန်း (၂) ပုဒ်မ ၄ (ခ)ပါ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်အတွက်ရည်ရွယ်၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းတို့ကို ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။