DKBA (ကလိုထူးဘော) အဖွဲ့မှ စစ်ဦးစီးချုပ် ဦးစောမိုရှေး ကွယ်လွန်သွားသည့် သတင်းကြား လိုက်ရသောအခါ များစွာစိတ်မကောင်းဖြစ်မိသည်။ လွန်ခဲ့သည့်ငါးနှစ်က တိတိကျကျပြောရလျှင် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းမှာ သူနှင့် ကျွန်တော် ရေစက်ဆုံခဲ့သည်။ ဒေါနတောင်အရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသများတွင် အခြေချနေထိုင်လျက် ရှိကြသော DKBA တပ်ဖွဲ့ဝင်မိသားစုများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျွန်တော့်အား တာဝန်ပေးအပ်လာပါသည်။ ကက(ကြည်း) ၏ လမ်းညွှန်ချက်အရ ဟူ၍လည်း သိရ၏။ ထိုခရီးစဉ် အတွက် ဦးစောမိုရှေးနှင့် သူ့တပည့်များက ဘားအံမှ စောင့်ကြို ခေါ်ယူပါသည်။ ကျွန်တော်တို့အဖွဲ့မှာ ဖဖရ(ဘားအံ)ရုံးမှ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး မှူး ဦးသက်နောင်၊(ညွှန်မှူး-ငြိမ်း)၊ လက်ထောက်ညွှန်မှူးဦးတင်ဝင်း (ယခု ဒုညွှန်မှူး မောင်တော ခရိုင်ရုံး)၊ ဒေသခံများဖြစ်ကြသော ဦးအောင်ကျော်ထွဋ်၊ ဦးခင်မောင်ဝင်း၊ ကိုထိခေါင်တို့ ပါဝင်ပါသည်။