ယနေ့ကာလတွင် ပြည်သူများ၏ နေ့စဉ်လူနေမှု ဘဝ၊ စီးပွားရေးဘ၀ အသုံးပြုမှုပုံစံများ ပြောင်းလဲ လာသည်နှင့်အမျှ လူမှုပတ်ဝန်းကျင်တွင် ရှေးယခင် ကဲ့သို့ သမားရိုးကျပုံစံမဟုတ်တော့ဘဲ နေရာအနှံ့ လျှပ်စစ်မီး၊ လျှပ်စစ်ဓာတ်အားကိုပိုမိုသုံးစွဲလာကြ သည်။ နိုင်ငံတော်က ပြည်သူများအတွက် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးကို နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိရာ ယခုအခါ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ထက်ဝက်မက လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ပြီ ဖြစ်ပါသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ မြန်မာပြည်တွင် လူတစ်ဦးလျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ၃၈၉ ယူနစ်အထိ ပိုမိုသုံးစွဲလာကြောင်း လေ့လာသိရသည်။ ထိုသို့လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာခြင်း၏ ဘေးထွက်ဆိုးကျိုးအဖြစ် လျှပ်စစ်မှဖြစ်ပေါ်လာသည့် မီးလောင်မှုကဲ့သို့ အန္တရာယ်များ မကြာခဏ ကြုံတွေ့လာရသည်။ လျှပ်စစ်ပစ္စည်းများသည် လူသားများအား အကျိုး ပြုသလို ဘေးအန္တရာယ်ရှိသည်ကိုလည်း သတိပြု ရမည်ဖြစ်ပေသည်။ နိုင်ငံတစ်ဝန်း မီးလောင်မှု ဖြစ်စဉ်များကို လေ့လာကြည့်ရာ၌ နေအိမ်သုံး။ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အား အပူလွန်ကဲမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာ ရှော့ခ်ဖြစ်မှုများကြောင့် မီးလောင်ဖြစ်ပွားမှု များပြားကြောင်း သိရသည်။