အရှုပ်အထွေးမရှိသောအလုပ်ကို လုပ်ခြင်းဆိုသည်မှာ အလုပ်လုပ်ရာတွင် စိတ်ရော လူရော ရှုပ်ထွေးခြင်း မရှိစေနှင့်ဟု အဓိပ္ပာယ်ရပါသည်။ အလုပ်များကို ရိုးရိုးသားသား မှန်မှန်ကန်ကန် မလိမ်မညာဘဲ လုပ်သူသည် စိတ်ရှုပ်ထွေးမှု ကင်းရှင်းပါမည်။ ဥပဒေနှင့် မညီသောအလုပ်ကို လုပ်မည်၊ ကျင့်ဝတ်များကို ဖောက်ဖျက်၍ အလုပ်လုပ်မည်။ လိမ်လည်လှည့်ဖျားမှုများ လုပ်မည်ဆိုလျှင် စိတ်ရှုပ်ထွေးမှုများဖြစ်ကာ အိပ်ကောင်းခြင်းပင် အိပ်ရမည်မဟုတ်ပါ။ လူရှုပ်ထွေးခြင်းမရှိစေနှင့်ဆိုသည့် အဓိပ္ပာယ်မှာ အလုပ်လုပ်သည့်အခါ မလုပ်သင့်သည့်သူများနှင့် လက်တွဲမလုပ်ရန်၊ မပေါင်းသင်းထိုက်သည့်သူများနှင့် မပေါင်းရန် ဖြစ်ပါသည်။ ဥပဒေ ချိုးဖောက်သူများ၊ မိမိကိုယ်ကျိုးကိုသာ ကြည့်သည့်အတ္တကြီးသူများနှင့် ပူးပေါင်းကာ အလုပ်လုပ်လျှင် အောင်မြင်မှုကိုရရှိရန် ခက်ပါမည်။ အလုပ်တစ်ခုကို ဇောက်ချလုပ်ရန်လိုသလို ရေရှည်လုပ်ရန်လည်း လိုပါ သည်။ အလုပ်တစ်မျိုးတည်းမှာ ရေရှည်လုပ်မှလည်း ကျွမ်းကျင်မှုကို ရရှိပိုင်ဆိုင်ပါမည်။ ကျွမ်းကျင်မှုရှိမှလည်း အောင်မြင်မှုက လိုက်လာပါမည်။