တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနိုင်ခြင်းမှသည် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးမှုဆီ တက်လှမ်းချီ . . .
နွား၊ ကျွဲ၊ ကြက်၊ ဝက်၊ ဘဲ စသည့် တိရစ္ဆာန်များသည် နိုင်ငံအတွင်းမွေးမြူမှုများ၍ စားသုံးမှုလည်းများသော မွေးမြူရေးတိရစ္ဆာန်များဖြစ်သည်။ မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝအတွက် အခြေခံဝင်ငွေရရှိနိုင်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ပြည်တွင်းစားသုံးမှုဖူလုံရုံမျှမက ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သော လုပ်ငန်းလည်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက်အလားအလာကောင်းများစွာ ရှိနေသော်လည်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ တိုးချဲ့လုပ်ကိုင်လာရေးတို့အတွက်လည်း ဆောင်ရွက်ရန်များစွာရှိနေသည်။
