အမြို့မြို့အနယ်နယ်သတင်းများ

May 13,2026
ကျိုက်မရောမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့ရွာများ သာယာလှပရေးအတွက် မြို့တွင်းလမ်းများ အသစ်ဖောက်လုပ်ခြင်းကို ယမန်နေ့မှစ၍ စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အထရံရပ်ကွက်ရှိ ​ ဗောဓိတစ်ထောင်လမ်းသွယ်ကွန်ကရစ်ခင်းခြင်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းသစ်မှာ အရှည် ၈၇ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ခန့်မှန်းကုန်ကျငွေ ၅၂ သိန်းခြောက်သောင်းဖြစ်ကြောင်း သိရသည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့မှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့အတွင်းရှိ ပိတ်ဆို့နေသော ရေမြောင်းများအား တူးဖော် ရှင်းလင်းခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အသက် (၁၀) နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်‌နေ့က တံတားမြို့ အမှတ် (၁) ရပ်ကွက်၊ ပုညဝဍ္ဎနဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
May 13,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်သစ်‌တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီတွင် အများပြည်သူစိုက်ပျိုးရန် ပျိုးပင်ပေါင်း ၄၀၀၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။
May 13,2026
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)က ကြီးမှူးကျင်းပသည့် မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပမည့် ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန၌ ကျင်းပသည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
May 13,2026
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာနှင့် မီးလောင်ကျေးရွာအုပ်စု၊ မီးလောင်ကျေးရွာ၊ ကိုးတွင်းစင်ကျေးရွာတို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် "သဘာဝမြေသြဇာ EM ဘိုကာရှီ" ပြုလုပ်အသုံးပြုမှု တောင်သူ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို မေ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
May 13,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။