ဝေးလံခေါင်ဖျားဒေသသတင်းများ

လူမှုဝန်ထမ်းရုံး၊ ပုလောမြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပုလော          ဇန်နဝါရီ                  ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ပုလောမြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မူလတန်းကြိုကျောင်းသား/ကျောင်းသူများ၏  ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုအချင်းချင်း  ပူးပေါင်းဆောင်ရွက်၍ ချစ်ခင်ရင်းနှီးမှုရရှိစေရန် အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ပြောသည်။

ကျောင်းစာကြည့်တိုက်(၁၁၅)ဖွံ့ဖြိုးရေးစီမံချက်(ဒုတိယအုပ်စု) လုပ်ငန်းမိတ်ဆက်ပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၅

ယနေ့နံနက် နံနက် ၉ နာရီခွဲက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်(၁၁၅) ဖွံ့ဖြိုးရေးစီမံချက် (ဒုတိယအုပ်စု)လုပ်ငန်းမိတ်ဆက်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျားကျေးရွာတွင် စာအောင်ဆုနှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၅

ဂန့်ဂေါမြို့နယ် ပျားကျေးရွာ ပျားသာသနာ့ရိပ်သာကျောင်းတိုက်၌ အစိုးရဓမ္မာစရိယတွင် သီလက္ခန်ကျမ်း၊ (၂၆) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲတွင် ဝိနယဝိဒူဘွဲ့တံဆိပ်၊ ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်ဒီပလိုမာဘွဲ့ B.A ၊ M.A ဘွဲ့ရရှိတော်မူသည့် အရှင်တေဇနိယအား ချီးကျူးပူဇော်ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီတွင် ပျားသာသနာ့ရိပ်သာကျောင်းတိုက်၌ပြုလုပ်ရာ ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် လောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထား

ကနီ       ဇန်နဝါရီ       ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့်  ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်နေ့နှင့် ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော် ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ  ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။   

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မျိုးနွားသိုးပြပွဲ၊ ပြိုင်ပွဲ၊ နွားအလှပြေးပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

စလင်း ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာအုပ်စု၊ လင်းဇင်းကျေးရွာရှိ အ.ထ.က(လင်းဇင်း) ဘောလုံးကွင်းအတွင်း၌ ယမန်နေ့နံနက် ၁၀ နာရီက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မျိုးနွားသိုးပြပွဲ၊ ပြိုင်ပွဲ၊ နွားအလှပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျင်းပခဲ့သည်။

မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားကွင်း၌ ကိုဖိုးကျော်အသင်းနှင့် အ.ထ.က ကျွန်းစုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကိုဖိုးကျော်အသင်းမှ (၁)ဂိုး- ဂိုးမရှိ ဖြင့် အနိုင်ရရှိကာ တံခွန်စိုက်ဖလား ဆွတ်ခူးရရှိသည်။

(၁၃)ကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပပြုလုပ်

မြင်းခြံ    ဇန်နဝါရီ   ၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ကျောင်းဝန်းအတွင်း ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အာစရိယပူဇော်ပွဲကျင်းပသည့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသည် ယခင် အမှတ်(၁) အလယ်တန်းကျောင်းမှ အဆင့်တိုးပြီး အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် မိမိတို့ကိုပညာသင်ကြားပေးခဲ့ကြသော ဆရာ/ဆရာများကို တစ်နှစ်တစ်ခါ ပူဇော်ကန်တော့လာသည်မှာ (၁၃)ကြိမ်မြောက်ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်းက ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထိလာ    ဇန်နဝါရီ     ၅

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့ အ.ထ.က (၁) ၏ နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မအူပင် ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း( ယခင် ဟိုက်စကူးကျောင်း) ၏ နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့  နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ မြတ်ပညာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အ.ထ.က (၁) ကျောင်းမှ နဝမတန်း ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ