စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ် တိုက်ခိုက်ခံရသည့်သတင်းကို တွေ့မြင်ကြားသိလိုက်ရသူတိုင်းက အံ့အားသင့်ခဲ့ကြသည်။ ထို့အပြင် အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ဓာတ်ပုံများအနက်မှ ဓာတ်ပုံတစ်ပုံနှင့်ပတ်သက်၍လည်း တွေ့မြင်ရသူတိုင်းက ဝမ်းနည်းကြေကွဲကြရသည်။ ရက်စက်စွာ သတ်ဖြတ်ခံထားရပြီး မောင်းပြန်သေနတ်ကိုင် အကြမ်းဖက်သမားက ခြေထောက်ဖြင့်နင်း၍ ဓာတ်ပုံရိုက်ခံထားရသူမှာ လက်နက်မဲ့၊ အပြစ်မဲ့သူ။ သတ်ဖြတ်ခံရသည့်နေရာသည် တက္ကသိုလ်ပရဝဏ်ဖြစ်ပြီး သတ်ဖြတ်ခံရသူသည် တက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အဆိုပါဖြစ်စဉ်၌ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူအချို့တို့ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ဆရာ၊ ဆရာမအချို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။
KNPP နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့၏လုပ်ရပ်က စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်သည်။ စစ်ရေးဆိုင်ရာ ပစ်မှတ်မဟုတ်သော၊ ကျောင်းသား ကျောင်းသူအများအပြား ပညာသင်ယူလျက်ရှိသော တက္ကသိုလ်အဆောက်အအုံကို ဦးတည်တိုက်ခိုက်ခြင်း၊ အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို အသက်အန္တရာယ်ဇုန်အတွင်းမှကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား အဓမ္မဖမ်းဆီးချုပ်နှောင်၍ လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များက ဂျီနီဗာကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှုမြောက်သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေသဘောပါ သက်ဝင်နေခြင်းဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၀၁ (၂၀၂၁) UNSCR 2601(2021) ဖြစ်သည့် စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ပညာသင်ကြားခွင့်အခွင့်အရေးကို အကာအကွယ်ပေးရန်တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာလည်း ရောက်နေသည်။
အကြမ်းဖက်အဖွဲ့တို့၏ အဆိုပါလုပ်ရပ်များအပေါ် ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများက နှုတ်ဆိတ်နေကြသော်လည်း ပြည်တွင်းရှိ လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးတို့က လက်မခံဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြသည်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းမည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို မဖြစ်မနေတည်ဆောက်ရန်လိုသည်။ ပညာသင်ကြားမှုကို တားဆီးပိတ်ပင်ခြင်း၊ နှောင့်ယှက်ဖျက်ဆီးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးမှုလည်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက်ရက်စွဲဖြင့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ရေး နှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် တက္ကသိုလ်ဆရာဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ထားခြင်းမှ ထိခိုက်မှုမရှိစေဘဲ အမြန်ဆုံးပြန်လွှတ်ပေးသွားရန်လိုကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများမှာ မလုပ်သင့်မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်။ ပြည်သူလူထုကို တိုက်ရိုက် ထိခိုက်စေသည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ပြိုကျပျက်စီးသွားသော လမ်းတံတားများတွင် ဒေသခံတိုင်းရင်းသား ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် မဖြစ်မနေသွားလာကြရသည့်အခါ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ကိုလည်း သတင်းများတွင် တွေ့မြင်ရသည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များ အမြစ်ပြတ်ချေမှုန်းရေးတွင် ပြည်သူလူထုတစ်ရပ်လုံးက တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ အားပေးကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)