Skip to main content

ဖိစီးနှိပ်စက်တတ်သည့်သောကများရှောင်ရှား

အခြေခံအဘိဓမ္မာတရားတွင် စိတ်ကို မကောင်းအောင် ခြယ်လှယ်တတ်သော အကုသိုလ်စိတ် ၁၄ ပါးကို မှတ်သားရှောင်ရှားနိုင်ရန် အရေးကြီးပါသည်။ ယခုကာလ လူတို့၌ အကုသိုလ်စိတ်တစ်မျိုးဖြစ်သည့် သောကစိတ်များ များပြားနေကြလေသည်။ သောကကို ဝမ်းနည်းမှုဟုဆိုသည်။ ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာဖြစ်ရာ၌ သောကဟုခေါ်ရလေသည်။ သောကဖြစ်တိုင်း ဒေါသလည်းပါနေပြီး စိတ်မချမ်းသာမှု၊ စိုးရိမ်ကြောင့်ကြမှုတို့ ဖိစီးနှိပ်စက်တတ်သည်။

လူတို့အနေဖြင့် စိုးရိမ်ပူပန်မှုကို သာမန်အားဖြင့် ဖြစ်ရိုးဖြစ်စဉ်သဘောမျိုးဟုသာ ထင်ကောင်းထင်မြင်နိုင်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများမှာ ကြီးမားလှသည်ကို သတိပြုမိရန်လိုအပ်ပါသည်။ စိုးရိမ်မှုများသည် သက်သက်သာသာဖြစ်ကြသည်မဟုတ်၊  ကိုယ်စိတ်နှလုံးကို ထိခိုက်စေ၍ လှိုက်လှိုက်လှဲလှဲဝမ်းနည်းခြင်း၊ ပူပန်ခြင်းဖြစ်ကြရသည်။ ထိုမျှ စိတ်ပန်းကိုယ်ပန်း မချမ်းမြေ့စိုးရိမ်သောကကြောင့်ကြမှုကြောင့် တစ်စုံတစ်ခုကောင်းကျိုးပြုလျှင်တော်ပါ၏။ တစ်စုံတစ်ခုကောင်းကျိုးမပြုဘဲ အခြားသူတစ်ပါး သောကအပူလောင်မြိုက်ကူးစက်ပြီး ဆုံးရှုံးမှုများ ကြီးကြီးမားမားမကြုံတွေ့အောင် သတိပြုဆင်ခြင်ကြရမည်ဖြစ်သည်။

စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု၊ စိတ်ပျက်မှုစသည်ဖြင့် စိတ်တွင် ဖြစ်ပျက်နေသောဒုက္ခအစုကို ဒေါမနဿဟုဆိုသည်။ ဤဒေါမနဿသည် စိတ်တွင် စွဲကပ်နေသောရောဂါတစ်မျိုးပင်ဖြစ်သည်။ စင်စစ်တွင် စိတ်နှလုံး၏ပူလောင်ခြင်းမှ တစ်ပါး  ကောင်းကျိုးမည်သို့ပင်မရှိချေ။ ထို့ကြောင့် မိမိအတွက်ဖြစ်ဖြစ်၊ မည်သူ့အတွက်ဖြစ်ဖြစ် အကျိုးမဲ့အချည်းအနှီး အစိုးရိမ်ကြီးနေမည့်အစား ထိုသို့စိုးရိမ်ဖွယ်မရှိအောင် ပကတိအခြေအနေအမှန်တရားကို သတိကြီးစွာဆင်ခြင်ဉာဏ်ထား၍ မလုပ်သင့်မလုပ်ထိုက်သည် တို့ကို ရှောင်ရှားပြီး လုပ်သင့်လုပ်ထိုက်သည်တို့ကို ပြုလုပ်ကြရမည်ဖြစ်ပါသည်။

မျက်မှောက်ကာလ၌ စိုးရိမ်ပူပန်မှုကိုဖြစ်စေသော၊ သောကဗျာပါဒကိုဖြစ်စေ သောအကြောင်းအချက်များတွင် မဟုတ်မမှန်ကောလာဟလထုတ်လွှင့်မှုများကြောင့် အများပြည်သူတို့ စိုးရိမ်သောကကြီးစွာဖြစ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ မသမာသူတို့က မဟုတ်မမှန် ကောလာဟလသတင်းများကို ထုတ်လွှင့်လိုက်ခြင်းကြောင့် အများပြည်သူတို့ ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းကိုဖြစ်စေသည်။ စိုးရိမ်သောကဗျာပါဒများဖြင့် လုပ်မှားကိုင်မှား ဖြစ်ကြရလေသည်။ ပြည်သူတစ်ဦးချင်း သောကဝေဒနာဖြစ်စေသည်သာမက တစ်လောကလုံးပင် ထိခိုက်ပျက်စီးခြင်းအဖြစ်သို့ ရောက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ယခုတစ်လောတွင် ပဋိပက္ခဖြစ်ခဲ့သောဒေသမှ နယ်ဘဏ်ခွဲအချို့၏ မမျှော်မှန်းနိုင်သော အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များပေါ်တွင် အဆိုပါအခြေအနေကို အသုံးချ၍ ပြည်သူ့ငွေများဆုံးရှုံးပြီး ပြည်သူများအနေဖြင့် ဘဏ်များမှ ငွေများထုတ်ယူမရတော့သယောင် လှုံ့ဆော်မှုများကြောင့် ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ၊ သောကများမြင့်တက်လာကာ ဘဏ်များမှငွေများကို လိုသည်ထက် ပို၍ထုတ်ယူနေကြသည်ကို ကြားသိရပါသည်။

ပြည်သူများအနေဖြင့် ကောလာဟလသတင်းများကို နားယောင်ပြီး စိုးရိမ်သောကများ မြင့်မားလာကာ ဘဏ်မှငွေများကို လိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ကိုယ်ပိုင်ငွေများ ဆုံးရှုံးနိုင်သည့်အခြေအနေမျိုး ဖြစ်လာနိုင်ပါသည်။  ဘဏ်များ၏ပြင်ပတွင် ငွေသားများလိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းသည်   ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဂယက်  ကြီးကြီးမားမားရိုက်ခတ်လာနိုင်ရာ အများပြည်သူတို့ပင် အခက်အခဲအကျပ်အတည်းများ ဖြစ်စေနိုင်ပါသည်။

ကုန်ဈေးနှုန်းကြီးမြင့်လာအောင်၊ ငွေကြေးမတည်မငြိမ် အကျပ်အတည်းဖြစ်အောင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း၊ ဘဏ်များမှငွေများ ထုတ်ယူမရတော့ကြောင်း ကောလာဟလသတင်းများ ထုတ်လွှင့်နေသည်ကို ကြားသိကြရမည်ဖြစ်သည်။ ထိုသို့မဟုတ်မမှန်သတင်းများ ဖြန့်ဝေပြီး ဘဏ်လုပ်ငန်းစနစ်ပြိုလဲအောင် တိုက်ခိုက်မှုမျိုးကို ၂၀၂၁ ခုနှစ်ကလည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ရာ ပြည်သူများ ငွေကြေးအခက်အခဲများ ကြုံတွေ့ခဲ့ရသည့်   သင်ခန်းစာများရရှိပြီးဖြစ်သည်။ လက်တွေ့တွင် ဘဏ်များအနေဖြင့် ပုံမှန်လည်ပတ်နေပြီး ပြည်သူများ အခက်အခဲမရှိအောင် စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ စိုးရိမ်ပူပန်မှုမရှိဘဲ ပုံမှန်ရပ်တည် ဆောင်ရွက်ကြရန်လိုအပ်ပါသည်။

သို့ဖြစ်ရာ ပြည်တွင်းပြည်ပအဖျက်သမားများနှင့် ပြည်ဖျက်မီဒီယာများ၏ မမှန်သတင်းများ၊ ကောလာဟလသတင်းများ၊ သွေးထိုးလှုံ့ဆော်သတင်းများကြောင့် ပြည်သူများအနေဖြင့်   စိုးရိမ်ပူပန်သောက ဒေါမနဿများဖြစ်ကြလျှင် မိမိတို့သာမက ပတ်ဝန်းကျင်၌ပါ  ထိခိုက်ပျက်စီးခြင်းသို့ ရောက်နိုင်ပါသဖြင့် မဟုတ်မမှန်လုပ်ကြံသတင်းများကို မယုံကြည်ကြရန်    အသိပေးနှိုးဆော်အပ်ပါကြောင်း။      ။

ကြေးမုံအယ်ဒီတာ့အာဘော်