Skip to main content

နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်သူများအား ယနေ့တွင်မြန်မာနိုင်ငံအစိုးရမှ တရားဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့မှုအခြေအနေများ၊ ၁၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှု အခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပြီး လွှဲပြောင်းပေးတဲ့အခြေအနေတွေ ရှိပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၁၀၁၇ ဦးကို ဥပဒေနဲ့အညီစစ်ဆေး ပြီးတော့ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောလိုပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေ အနေနဲ့ကတော့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေ၊ နမ့်စလပ်မှာရှိတဲ့ လုံခြုံရေးနေရာတွေကို Drone နဲ့ Drop Bomb တွေ တော်တော်များများ လာချခဲ့တာရှိပါတယ်။ နမ့်ခမ်းမှာလည်း ထိတွေ့တိုက်ပွဲရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ထရွန်အိုင်စခန်းကို လာရောက်ပစ်ခတ်ခဲ့တာရှိတယ်။ နယ်ခြားစောင့်ရဲတွေအခြေပြုတဲ့ အလယ်သံကျော်ရဲ့တောင်ဘက် ကိုးတန်ကောက်စခန်းကို လာရောက်ပစ်ခတ်ခဲ့တာ ရှိပါတယ်။ ကယားပြည်နယ်မှာတော့ လွိုင်ကော်အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပါတယ်။ ဒီနေရာမှာ ထူးခြားချက်ကတော့ ပထမဦးဆုံး ရခိုင်ပြည်နယ်ထဲမှာ အစောပိုင်းကကျွန်တော်ပြောခဲ့တဲ့ ထရွန်အိုင်၊ နုန်းဘူး စတဲ့အဲဒီစခန်းတွေက မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းဖောက်နေတဲ့ ကုလားတန်မြစ်ဘက်စုံ စီမံကိန်းလုပ်နေတဲ့ လုံခြုံရေးစခန်းတွေ ဖြစ်ပါတယ်။ AA အနေနဲ့ ဒီနေရာတွေကို အဓိကထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတားဖြစ်စေတဲ့အကြောင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနယ်မြေကအဓိကအားဖြင့် ချင်းတိုင်းရင်းသားမျိုးနွယ်စုတွေ ခူမီးတိုင်းရင်းသားမျိုးနွယ်စုနေတဲ့နေရာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် ပြီး ပလက်ဝနဲ့ပလက်ဝမြောက်ဘက်ဒေသတွေမှာ နေထိုင်တဲ့ဒေသခံတွေအနေနဲ့ကလည်း AA ကို အထူးဆန့်ကျင်ရှုတ်ချကြောင်း ပြောကြားလာတာတွေ ရှိပါတယ်။ အဓိကကတော့ အဲဒီနယ်မြေမှာဖွံ့ဖြိုးတိုးတက်မှုမရှိအောင်၊ အဲဒီနယ်မြေပိတ်ဆို့အောင် အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း နှိပ်ကွပ်ဖို့အတွက် ဆောင်ရွက်နေတာမျိုး ဖြစ်ပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်မနေ့ကပြောခဲ့တဲ့ နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို လာရောက်တိုက်ခိုက်ခဲ့တယ်။ တပ်မတော်က ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် TNLA အနေနဲ့ အကျအဆုံးများစွာ ရှိခဲ့တယ်။ တော်တော်လေး အကျအဆုံးများပါတယ်။ ထုံးစံအတိုင်းပါပဲ သူတို့အကျအဆုံးရှိပြီဆိုရင် အရင်တုန်းကသုံးနေကျအတိုင်းပဲ အသံထွက်လာပါတယ်။ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်တယ်ဆိုတာမျိုးတွေ ပြောလာကြတာကို တွေ့ရပါတယ်။ နမ့်စလပ်မှာရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နမ့်ခမ်းမှာရှိနေတဲ့ ရှေ့တန်းလုံခြုံရေးစခန်းတွေအနေနဲ့ ရန်သူကိုရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ပြီး တန်ပြန်ချေမှုန်းခဲ့တဲ့အတွက် ရန်သူ့ဘက်မှာအကျအဆုံးများစွာ ရှိပါတယ်။ ဒီအတွက်လည်း ရန်သူကို ကြံ့ကြံ့ခံခုခံတိုက်ခိုက်ပြီး တန်ပြန်တိုက်စစ်ဆင်နွှဲခဲ့တဲ့ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီး အကဲများအားလုံးက အသိအမှတ်ပြုဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ တပ်မတော်အနေနဲ့ ကျူးကျော်သူတွေရဲ့ ကျူးကျော်စစ်ကို တန်ပြန်ချေမှုန်းနေတာပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လွတ်လပ် ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး၊ နယ်မြေဒေသများ လုံခြုံရေးတို့အတွက် အစဉ်တစိုက် ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်မှာလည်း ဒီတာဝန်ကို ထမ်းဆောင် လျက်ရှိပါတယ်။ သမိုင်းပေးတာဝန်တွေကျေပွန်ခဲ့တဲ့ တပ်မတော်အနေနဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း နိုင်ငံတော် အမြန်ဆုံးပြန်လည်တည်ငြိမ် အေးချမ်းအောင်၊ သောင်းကျန်းသူအဖျက်သမားတွေကို အမြန်ဆုံးချေမှုန်းနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းစဉ်