အမျိုးသမီးများဘဝ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး
ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြား လျက်ရှိသည်။ ဤသို့အမျိုးသမီးဦးရေ များပြားလာမှုနှင့်အတူ အမျိုးသား များနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူအခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။ ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာ ဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပကြပြီး နှစ်စဉ်ဆောင်ပုဒ် သတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိသည်။
