အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍ
အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးတွင် ဆိုးရွားသောသက်ရောက်မှုများ ဖြစ်ပေါ်စေပြီး ဒီမိုကရေစီစနစ်နှင့် တရားဥပဒေစိုးမိုးရေးကို အနှောင့် အယှက် အဟန့်အတား ဖြစ်စေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အရည်အသွေးကျဆင်းစေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်စေခြင်း၊ ဈေးကွက် စီးပွားရေး စနစ်များကို ပျက်ယွင်းစေခြင်းနှင့် အုပ်စုဖွဲ့ပြစ်မှု ကျူးလွန်ခြင်းများ ဖြစ်ပေါ်စေခြင်းစသည့် ဆိုးကျိုးများကို ဖြစ်စေပါသည်။ အဂတိလိုက်စားမှုများကို အချိန်မီ တားဆီးကာကွယ်ခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာကာ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ပိုမိုခိုင်မြဲလာပြီး ဒီမိုကရေစီစနစ် ရှင်သန်မှုနှင့်အတူ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရတစ်ရပ်ကို ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါသည်။
