ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာန၏ မဲခေါင် - လန်ချန်းအထူးရန်ပုံငွေဖြင့် ဒေသတွင်းနိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး
စာရေးသူသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် လူထုဗဟိုပြုစီမံကိန်း အတွေ့အကြုံဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များအတွက် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ဖူးပါသည်။ ၂၀၂၃ ခုနှစ်အတွင်း ၂၆-၁၁-၂၀၂၃ ရက်နေ့မှ ၂-၁၂-၂၀၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၏ Sufficiency Economic Philosophy-SEP အစီအစဉ်နှင့် ဆောင်ရွက်ထားသည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်မှုအခြေအနေများကို Theory ပိုင်း လေ့လာခြင်း၊ ကျေးရွာနှစ်ရွာကို လက်တွေ့ကွင်းဆင်းလေ့လာခြင်းတို့ကို “ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာန၏ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ”မှ ထောက်ပံ့ငွေဖြင့် ကျခံကာ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါသည်။ အဆိုပါထောက်ပံ့ငွေဖြင့်ပင် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လန်ချန်း-မဲခေါင်စီမံကိန်းမြို့များရှိ ဆင်းရဲမှုလျှော့ချရေးကျေးရွာများသို့ လေ့လာရေးအစီအစဉ်ဖြင့် ၃-၁၂-၂၀၂၃ရက်နေ့မှ ၁၀-၁၂-၂၀၂၃ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။
