အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ ကျပ်သိန်း ၉၃၆၀၀၀၀ အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Dec 30,2020
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၃) ဘာသာနှင့်အထက်ဂုဏ်ထူးရှင် ရှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်သည်။
Dec 30,2020
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ အ.ထ.က(ခွဲ)ကြံခင်းကျောင်းတွင် RCC (၂)ထပ် ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ မင်္ဂလာအချိန်တွင် စတင်ကျင်းပရာ မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပန္နက်ရိုက်ခဲ့ကြသည်။
Dec 30,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ကျရောက်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဗန်းမော် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။
Dec 30,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူ များအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို ရပ်ကွက်များ၊ လမ်းများ အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက စျေးများ၊ လူစည်ကားရာနေရာများနှင့် ကားဂိတ်တို့တွင် ဆောင်ရွက် ခဲ့ကြသည်။
Dec 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စင်တာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Embassy of Denmark(Myanmar)မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ နှာခေါင်းစည်း (၄၀၀၀၀)ခု လှူဒါန်းခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က အင်းစိန်(GTI)ကန့်သတ်စောင့်ကြည့်စင်တာ(၁)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ ကွင်းအမှတ်-၃၂၇၅၊ ဦးပိုင် အမှတ်-၂၃၇ ရှိတောင်သူ ဦးမြင့်သိန်း၏ ပေါ်ဆန်းရင်စိုက်ဧက(၁၀)ဧကကို စမ်းသပ်ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင်စပါးအစို (၉၈)တင်း ထွက်ရှိကြောင်းသိရသည်။
Dec 30,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မုန်းဒါးကျေးရွာအုပ်စု၊ မုန်းဒါးလေးကျေးရွာ၌ မြေအောက်ရေ တူးဖော်ရန်ခက်ခဲပြီး ရေရှားပါးသည့်အတွက် မြေသား မိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက်ခဲ့မှုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။