လူတိုင်းခရီးသွားဖူးကြမှာပါ။ တချို့က ခရီးသွားတဲ့အခါ လွတ်လွတ်လပ်လပ်နဲ့ တစ်ယောက်တည်းသွားကြသလို၊ တချို့ကတော့ အဖော်အပေါင်းတွေနဲ့ သွားလာတတ်ကြပါတယ်။ လူသားတိုင်းမှာ ဖြတ်သန်းလျှောက်လှမ်းသွားလာနေရတဲ့ ဘဝခရီး ရှည်ကြီးရှိပါတယ်။ ဒီဘဝခရီးရှည်ကြီးကို သွားလာကြရာမှာတော့ ကိုယ်ကမခေါ်ပေမယ့် ကိုယ်နဲ့အတူ ထက်ကြပ်မကွာအဖော်လိုက်နေပေးတဲ့ ခရီးဖော်ခြောက်ယောက်ရှိပါတယ်။ အဲဒီခရီးဖော်တွေကအဝေးကြီးမှာ သွားခေါ်စရာမလိုဘဲ ကိုယ့်ခန္ဓာကိုယ် ထဲမှာပဲ ရှိနေပါတယ်။ ဒီခရီးဖော်ခြောက်ယောက်ကတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာရုံခြောက်ပါးဖြစ်ပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ဆိုတဲ့ ငါးယောက်က စရိုက် တစ်မျိုးစီရှိနေကြပြီး သူတို့လုပ်နေတဲ့အလုပ်မှန်သမျှကို စိတ်ဆိုတဲ့ ခရီးဖော်က ဟိုဟာလုပ်လိုက်ပါ၊ ဒီဟာလုပ်လိုက်ပါ၊ ဟိုဟာမလုပ်ပါနဲ့၊ ဒီဟာမလုပ်ပါနဲ့ဆိုပြီး စေခိုင်းနေပါတယ်။