တတ်အားသမျှ ပါဝင်ကုသိုလ်ဒါနပြုခြင်းဖြင့် တိဟိတ်ပုဂ္ဂိုလ်များဖြစ်ကြပါစေ
လူသားတို့လောဘကြောင့်ဖြစ်ရသည့် ဒုဋ္ဌိက္ခန္တရကပ်၊ မောဟကြောင့်ဖြစ်ရသည့် ရောဂန္တရကပ်၊ ဒေါသကြောင့်ဖြစ်ရသည့် သတ္တန္တရကပ်။ ဤကပ်ကြီးသုံးပါးအနက် ကူးစက်ရောဂါကပ်ဘေး ကြောင့် ဖြစ်ရသော ရောဂန္တရကပ်ဘေး ဆိုးကြီးကြောင့် ကမ္ဘာ့လူသားအားလုံး ထိခိုက် ပျက်စီးမှုများစွာဖြင့် လက်တွေ့ရင်ဆိုင်ဖြေရှင်းနေကြရသည်။ ထို့ကြောင့်လည်း ဤသို့ ကပ်ဘေးကြီးများ ရင်ဆိုင်နေရချိန်တွင် ဝေနေယျသတ္တဝါအပေါင်းတို့အနေဖြင့် ဒါနအပါအဝင် ကုသိုလ်ရေးများကိုမမေ့မလျော့ဘဲ အာရုံစိုက် ကုသိုလ်ပြုစေချင်ပါသည်။ လှူတတ်လျှင် မြတ်သည့်အတွက် အလှူဒါနပြုတိုင်းလည်း အပြစ်အနာအဆာကင်းသော ဒါနကုသိုလ်မျိုးသာ ဖြစ်စေချင်ပါသည်။ ဆင်းရဲမှုများကြားက အလှူရေစက်လက်နှင့်မကွာဆိုသလို ဒါနကုသိုလ်ပြု သူများနှင့် မည်သို့သော ကုသိုလ်အမျိုးမျိုးကိုမဆို ဝမ်းမြောက်ကြည်နူးစွာဖြင့် တန်ဖိုးထား ဂုဏ်ယူရမည် ဖြစ်ပါသည်။
