Aug 19, 2020
မြန်မာနိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး ရရှိရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲများသည် အထူးအရေးကြီးပါသည်။ အရေးတကြီးလိုအပ်နေသော ထိုအရေးကိစ္စများသည် နိုင်ငံရေးပြဿနာများ ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းများတွင် အောင်မြင်စွာ အဖြေရှာကြမည် ဖြစ်သည်။
Aug 19, 2020
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသအဆင့် ဗဟိုကော်မတီက ပြည်သူသို့ ပန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။ အိမ်နီးချင်းနိုင်ငံအချို့၌ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ မြင့်တက်နေသည့် အခြေအနေ၊ အိမ်နီးချင်းနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံကြီးအချို့တို့တွင် ရောဂါဒုတိယလှိုင်းဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကြောင့် ခက်ခက်ခဲခဲ ပြန်လည်ထိန်းချုပ်နေရသည့် အခြေအနေတွင် မိမိတို့ပြည်သူများအကြား ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာမှုအားနည်းနေခြင်းအပေါ် သတိပေးနှိုးဆော် တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။
Aug 16, 2020
လူအများစိတ်ဝင်စားကြသည့် အကြောင်းအရာများ (ဝါ) သတင်းများကို ရယူစုဆောင်းပြီး အခကြေးငွေဖြင့် ပြန်လည်ရောင်းချ ဖြန့်ဖြူးရာမှ သတင်းစာလုပ်ငန်းများ စတင်ခဲ့သည်။ မိမိတို့၏ သတင်းစာများ ရောင်းကောင်းရေးတွင် လူအများစိတ်ဝင်စားကြသည့် သတင်းများပါရှိရေးသည် အဓိကဖြစ်သည့်အလျောက် သတင်းစာထုတ်ဝေသူများ၊ သတင်းစာဆရာများကလည်း ပရိသတ် အကြိုက်လိုက်ကာ ပရိသတ်ဘဝင်ခိုက်မည့်သတင်းမျိုးကို ဦးစားပေးရေးသားသည့် အဝါရောင် သတင်းစာပညာ (Yellow Journalism) လည်း ပေါ်ပေါက်ခဲ့သည်။
Aug 16, 2020
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အရှိန်အဟုန် မကျသေးဘဲ မြင့်တက်နေဆဲဖြစ်သည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သန်းပေါင်း ၂၀ ကျော် ရှိလာပြီး သေဆုံးသူ တစ်သန်းနီးပါးသို့ ချဉ်းကပ်လာသည်ကို တွေ့ရပါသည်။ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ဗိုင်းရပ်စ်ပိုးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကြိုးစားအားထုတ် နေကြရာ၌ ပြည်သူများ စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့အပေါ် မူတည်၍ ရောဂါအနည်း အများ ဖြစ်ပေါ်မှုကို မြင်တွေ့နိုင်ပါသည်။
Aug 14, 2020
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ် သည်။ ယခုနှစ်ကြုံတွေ့ ရသည့်အရေးကိစ္စများအနက် တစ်ကမ္ဘာလုံး ကြုံတွေ့နေရဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးတို့သည် အရေး ကြီးဆုံးဖြစ်သည်။ နိုင်ငံအတွင်း အခြားအရေးကြီးကိစ္စများရှိသော်ငြား လည်း ကိုဗစ်နှင့် ရွေးကောက်ပွဲသည် လတ်တလော၌ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးနှင့် တိုက်ရိုက်သက်ဆိုင် နေသည်။
Aug 14, 2020
(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေး တွင် သဘောတူညီချက် ခုနစ်ချက် ရရှိခဲ့သည်။ ၎င်းသဘောတူညီ ချက်များမှာ အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းများတွင် မတူကွဲပြားမှုများအကြားမှ အပေးအယူ၊ အလျှော့ အတင်းများဖြင့် ညှိနှိုင်းဆွေးနွေးကြကာ သဘောတူညီမှု ရရှိခဲ့ကြ ခြင်းဖြစ်သည်။
Aug 11, 2020
လောကလူသားများသည် မိမိတို့ရည်မှန်းရာ ရည်ရွယ်ရာတစ်ခုဆီသို့ လှမ်းတက်ကြရာ၌ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုဟူသည့် ရလဒ်တစ်ခုခု ရရှိကြစမြဲပင်။ အောင်မြင်လျှင် ဝမ်းမြောက်ပီတိဖြစ်၊ ရှုံးနိမ့်လျှင် ဝမ်းနည်း ပူဆွေးဖြစ်ကြသည်မှာ လောကဓမ္မတာသာဖြစ်သည်။ အဓိကမှာ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းထက် မိမိ၏ရည်မှန်းရာပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲ မရောက်ရောက်အောင် လှမ်းတက်မည်ဆိုသည့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ ထက်သန်ဖို့သာ လိုရင်းဖြစ်သည်။
Aug 11, 2020
ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပို၍ကောင်းမွန်သည်ကို လူတိုင်းသိကြသည်။ မိမိတို့၏ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး အတွက် နေ့စဉ်လူနေမှုပုံစံများတွင် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ ဆေးလိပ်ဆေးရွက်ကြီး၊ အရက်မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်ခြင်း၊ ဥတုသပ္ပါယ မျှတအောင် ဝတ်စားဆင်ယင်ခြင်း၊ အသက်အရွယ် အလိုက် သင့်တင့်မျှတသည့် ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ နိုင်ကြမည်ဖြစ်သည်။
Aug 10, 2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့က ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံတွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးခဲ့သည်။
Aug 10, 2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်လိုက်ပြီဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ၉၁၀၂၂၉ ဦး ဝင်ရောက်ဖြေဆိုသည့်အနက် ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိသည်။
