လူငယ်များ၏ စိတ်ကူးအိပ်မက် သို့မဟုတ် လူရည်ချွန်
ယခုနှစ် ဧပြီလကုန်ပိုင်းက လူရည်ချွန်များ လေ့လာရေးခရီးစဉ် သွားရောက်ကြသည့်သတင်းများကို ရုပ်မြင်သံကြား၊ သတင်းစာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် မြင်ရ၊ ဖတ်ရှုရသည်။ နဝမတန်းမှ သည် ဒွါဒသမတန်းအထိ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအလိုက် အဆင့်ဆင့် စိစစ်ရွေးချယ်ထားပြီး ထိုက်ထိုက်တန်တန် ပါဝင်ခွင့်ရကြသော လူငယ်မောင်မယ်များ၏ လူရည်ချွန်လေ့လာရေးခရီးစဉ် မြင်ကွင်းများတွင် သူတို့၏ စိတ်အားတက်ကြွမှု၊ ရွှင်လန်းမှုနှင့် စူးစမ်းလေ့လာမှု၊ ပျော်ရွှင်မှုတို့ကို ထပ်တူခံစားရသည်။ လူငယ်များသည် ပင်ကိုသဘာဝအရ တက်တက်ကြွကြွဖြင့် နိုးကြားဖျတ်လတ်သည်။ လှုပ်လှုပ်ရှားရှား စိတ်အားထက်သန်လေ့ရှိသည်။ တီထွင်ဖန်တီးလိုစိတ်၊ စူးစမ်းလေ့လာလိုစိတ်၊ တာဝန်ယူလိုစိတ်၊ ဦးဆောင်လိုစိတ်၊ ပါဝင်ပူးပေါင်းလိုစိတ်၊ အားကိုးမှုကို ခံယူလိုစိတ် ပြင်းထန်ကြသည်။ ကြိုးစားအားထုတ်မှုနှင့်ပေါင်းစပ်ကာ သူတို့၏စိတ်ကူးစိတ်သန်းများကို အကောင်းဆုံးရွက်လွှင့်လိုစိတ်ရှိသည်။ ထိုသို့သော လူငယ်များအတွက် လူရည်ချွန်ဖြစ်ခွင့်ရခြင်းသည် အကောင်းဆုံးသော ပံ့ပိုးမှုဖြစ်ပြီး အခြားအခြားသော လူငယ်များအတွက်လည်း လေးစားအတုယူစရာပင် ဖြစ်ပါသည်။
