ပန်းတနော်ရေနက်ကွင်းမှ ပြည်ပပို့ကုန်အများအပြား ထုတ်လုပ်ဖြန့်ဖြူးမည်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအနီး ရေနက်ကွင်းဧက ၃၆ဝဝ တွင် နိုင်ငံတော်ကခွင့်ပြု၍ ငါးမွေးမြူခြင်းနှင့် စပါးစိုက်ပျိုးခြင်းများကို ၁၉၉၈ ခုနှစ်မှ စတင်ဆောင်ရွက်နေသည့် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီက Global Earth Agro and Aqua Industry Public Co.,Ltd. (GEAAI) ဟု အမည်ပြောင်းလိုက်သည်။ ထို့နောက် သမားရိုးကျငါးမွေးမြူခြင်းမှ ခေတ်မီနည်းစနစ်ဖြင့် ငါးမွေးမြူခြင်းနှင့် စက်ရုံတည်ဆောက်၍ ငါးအသားလွှာများ အေးခဲအောင်ပြုလုပ်ပြီး ပြည်ပပို့ကုန်များ ဆောင်ရွက်နေကြောင်း ကြားသိရသည်။ ကျွန်တော်သည် သတင်းဆောင်းပါး ရေးသားဖော်ပြနိုင်ရန် စီမံကိန်းလုပ်ငန်းတည်ရှိရာ ပန်းတနော်ရေနက်ကွင်းကို သွားရောက်ခဲ့သည်။
