ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်လှစ်
Jun 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးသင်တန်းအား ဇွန်လ ၂၈ ရက်၊ နံနက် ၉ နာရီမှစ၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။ သင်တန်းတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောနှင်းဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာဝင်းက ဥပဒေတွင် ပြဌာန်းထားသော ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း သင်ကြားပို့ချ ဆွေးနွေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရပြီးဖြစ်သော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းနှင့် မိခင်ဝိုင်းများမှ ဆရာမများ စုစုပေါင်း သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ကြသည်။