သစ်ပင်တစ်ပင်တွင် သစ်မြစ်သည် အရေးကြီးဆုံးဖြစ်သကဲ့သို့ အဆောက်အဦတစ်ခုတွင် အုတ်မြစ်သည်အရေးကြီးဆုံးဖြစ်၏။ ထို့အတူ လူတစ်ယောက်တွင်မူ အခြေခံထားရမည့် ကိုယ်ချင်းစာတရားစိတ်ဓာတ်သည်သာ ပဓာနပင်ဖြစ်သည်။ လူတစ်ဦး၏ ဘဝကောင်းခြင်း၊ ဆိုးခြင်းကို ထိုသူ၏စိတ်ဓာတ် တစ်နည်းအားဖြင့် စိတ်သဘောထားကသာ ဆုံးဖြတ်ပေးလေ့ ရှိ၏။ စိတ်ထားကောင်းသူတို့၏ အဆုံးသတ်ရလဒ်တွင် အကျိုးတရားများစွာခံစားရပေမည်။ တိုင်းပြည်ကို အုပ်ချုပ်စောင့်ရှောက်နေသူတို့ကား ဆိုဖွယ်မရှိချေ။ လောကနီတိတွင် “သစ်ပင်၏အရိပ်သည် ချမ်းသာ၏။ ထို့ထက် ဆွေမျိုးတို့အရိပ်က သာ၍ချမ်းသာ၏။ ထို့ထက် အမိ၊ အဖတို့၏အရိပ်ကသာ၍ ချမ်းသာ၏။ ထို့ထက် ဆရာ၏အရိပ်က ပို၍ချမ်းသာ၏။ ထို့ထက် မင်း၏အရိပ်က ပို၍ချမ်းသာ၏။ ထို့ထက် မြတ်စွာဘုရား၏ သာသနာတော်တည်းဟူသော အရိပ်က အဆများစွာ သာလွန်၍ချမ်းသာ၏” ဟု ဖော်ပြထား၏။