ဟန်လင်းပျူမြို့ဟောင်းမှ အသစ်တွေ့ရှိ ပျူခေတ်ဗိသုကာ ဒွါရပါလ(တံခါးစောင့်နတ်ရုပ်) ရုပ်တုတစ်ခုအား ဖော်ထုတ်ထိန်းသိမ်း
ဟန်လင်းပျူမြို့ဟောင်း မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရှေးဟောင်းမြို့၊ ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများ များစွာတည်ရှိနေသည့် အနက် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူ ရှေးဟောင်းမြို့ သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး UNESCO သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ခံခဲ့ ရပါသည်။ ကမ္ဘာ့အမွေအနှစ် ရရှိပြီးနောက် ချမှတ် ရေးစွဲထားသော မျှော်မှန်းချက်များ၊ ဦးတည်ချက် များ၊ လုပ်ငန်းအစီအစဉ်များဖြင့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်း စောင့်ရှောက် ကာကွယ ်ခြင်းနှင့်အတူ သုတေသန လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လာနိုင်ခဲ့ ပါသည်။ဟန်လင်းပျူရှေးဟောင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ်အတွင်းရှိ ဟန်လင်း(ဟံလင်း) ကျေးရွာတွင် တည်ရှိသည်။ ဟန်လင်းကျေးရွာသည် ရွှေဘိုမြို့မှ အရှေ့တောင်ဘက် ၁၀ မိုင်ခွဲခန့်အကွာ၊ ဝက်လက် မြို့မှ အရှေ့မြောက်ဘက် ခြောက်မိုင်ခန့်အကွာ တွင် တည်ရှိသည်။
