အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသမီး တစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ရာ ၎င်း ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (၅၅)ဉီးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲနမူနာ Swab များအား ရယူစစ်ဆေးခဲ့ရာတွင် ထိတွေ့ခဲ့သူအားလုံးမှာ ကိုဗစ်-၁၉ရောဂါ ပိုးမတွေ့ရကြောင်း ယမန်နေ့နံနက် ၁၀ နာရီအချိန်က သိရသည်။
Dec 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၌ ကျန်းမာရေး၀န်ထမ်းမိသားစုနှင့် အာယုဒါန သွေးလှူရှင် အသင်းတို့မှ ပူးပေါင်း၍ ၂၁ ကြိမ်ထိ သွေးလှူဒါန်းခဲ့သော သွေးလှူရှင်အသင်း၀င် တစ်ဦးအား ယနေ့နံနက်ပိုင်း က ကျန်းမာရေး ဆေးကုသစရိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းမှအစပြု၍ ဆောင်းရာသီ အအေးဒဏ် လွန်ကဲလာခြင်းကြောင့် ထူထဲသည့်အနွေးထည်များနှင့် စျေးချိုသည့် ဘေထုပ်အနွေး ထည်များ ယခုရက်ပိုင်းရောင်းအား ပိုမိုကောင်းလာကြောင်း သိရသည်။
Dec 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း(၁၅၀၀)ကျော်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 13,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 13,2020
ကျေးလက်နေ ပြည်သူများ လူနေမှုဘဝတိုးတက် မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများ လျှော့ချနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ် ကရင်ချောင်ကျေးရွာတွင် မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေးအသင်းမှ ဦးဆောင်၍ ယနေ့နံနက် ၇ နာရီမှ စတင်ကာ ကျေးရွာအတွင်းလိုက်လံပြီး စုပေါင်းအမှိုက်သိမ်းခဲ့ကြကြောင်း သိရသည်။
Dec 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကုလကျေးရွာတွင် ဘူးပင်များတစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 13,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ခြင်းနှင့် စိုက်ပျိုးရေး နည်းပညာဖြင့် မိုးစပါးအပြီး ဆောင်းသီးနှံကုလားပဲများကို နန့်ခွင်ကျေးရွာရှိ တောင်သူ ဦးမြထူးနှင့် မန်ရွက်ကျေးရွာရှိတောင်သူ ဆန်းညွှန်နိုင် လယ်ယာမြေများ၌ ယမန်နေ့က သီးထပ်စိုက်ပျိုး ခဲ့ကြောင်း သိရသည်။