အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၁၁ နာရီက ပုသိမ်အခြေစိုက် လူငယ်ရေးရာ ကော်မတီနှင့် Mobilizing Myanmar တို့မှပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များ၏ မိခင်များအား နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို မိမိတို့၏ ဖုန်းများမှ တစ်ဆင့် အဆင်ပြေပြေ ထုတ်ယူနိုင်ရန်အတွက် WAVE Pay နှင့် AYA Pay အကောင့်များ ဖွင့်ပေးခြင်း၊ အသိပညာများ ကူညီပံ့ပိုးပေးခြင်း လုပ်ငန်းတို့ကို လိုက်လံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Dec 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် တောကျောင်းကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းဖြင့် ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Dec 13,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်း‌ကျေးရွာအုပ်စု၊ သရက်ချောင်း အလယ်စုကျေးရွာ၌ ယမန်နေ့ ည ၁၀ နာရီအချိန်က ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းပါးရှိ နေအိမ်နှစ်လုံးမှ (သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ) နွားတင်းကုပ်(၂)လုံးမြစ်ထဲသို့ ပြိုကျမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။
Dec 13,2020
လက်ရှိဖြစ်ပွါးနေသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာတွင် ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာ၌ Volunteer အဖြစ် သွားရောက်ကူညီခဲ့သည့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် သူနာပြု ဆရာမများ ယမန်နေ့နံနက်ပိုင်းတွင် ပင်းတယမြို့သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
Dec 13,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၃၀)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၃)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၂၂ ဘီး (ကုန်မပါ)ယာဉ်မှ ယာဉ်မောင်း စဉ့်ကိုင်မြို့နယ် ကြေးနီကန် ကျေးရွာတွင် နေထိုင်သော အမျိုးသား(၁)ဦးနှင့် ၆ ဘီး ကုန်စုံတင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဖြစ်သော ပေါက်မြို့နယ် ခွေးအတွန်းကျေးရွာ၌ နေထိုင်သူ အမျိုးသား(၂)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Dec 13,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံ (၁၁၉၄၆၃၇)ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး ထံမှ သိရသည်။
Dec 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် JICA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ချောလမ်းခင်းခြင်းနှင့် ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့ ညနေပိုင်းက လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်မည့် ကျောက်ကပ် သန့်စင်စက် အဆောက်အဦး ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို အဆိုပါအဆောက်အဦး ဆောက်လုပ်မည့် နေရာတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။