အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လမ်းဆုံလမ်းခွနေရာများနှင့် လူစည်ကားရာ လမ်းတစ်လျောက် ပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း အခုရေ (၁၀၀၀၀) အခမဲ့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့ မယ်အောကျေးရွာအုပ်စု မယ်အောကျေးရွာ၊ ဝမ်မိုင်ကျေးရွာနှင့် ဟွေဟ ကျေးရွာတို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ဖြင့် တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2020
ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ကျိုက်ဒုံမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်နံနက် ၈နာရီ၄၅မိနစ်က (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်ပြည်နယ် ဘတ်ဂျတ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် ဟောင်သရော ခန်းမပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Dec 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာတွင်ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံမြေပဲ၊ နေကြာသီးထပ် စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဟိန်စွန်းကျေးရွာ စုပေါင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2020
ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ အချိန်တိုင်းတာချက်အရ ဟားခါးမြို့ပေါ်တွင် အနိမ့်ဆုံး အပူချိန် အနုတ် ၄.၇ ဒီဂရီစင်တီဂရိတ်ရှိ၍ ရေခဲခြင်းအထိ အအေးပိုကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
Dec 19,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရော်ဘာနှစ်ရှည်ပင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသည့် ဒေသခံတောင်သူများအား ရော်ဘာခြံကို စနစ်တကျ စိုက်ပျိုးပြုစုနိုင်စေရေး ပင်စည်ထိခိုက်မှုမရှိပဲ စနစ်တကျ အစေးခြစ်တတ် လာစေရေး၊ ရော်ဘာဈေးနှုန်း မြင့်မားစွာ ရရှိလာစေပြီး ဝင်ငွေများ ပိုမိုတိုးပွားစွာ ရရှိလာစေဖို့အတွက် ရော်ဘာခြံပြုစုထိန်းသိမ်းခြင်း အစေးခြစ်ခြင်းနှင့် အရည်အသွေးမြင့် ရော်ဘာပြား ပြုပြင်ထုတ်လုပ်ခြင်း သင်တန်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က တံခွန်တိုင်ကျေးရွာ အုပ်စု ထိမံထိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ကျင်းပသည်။
Dec 19,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ ပန်းပဲစုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (VDP) ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း သိန်း(၁၀၀) လုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရန်အတွက် ချပြရှင်းလင်းခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းမိတ်ဆက် ခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ခြင်းအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2020
မိုးကုတ်မြို့တွင် ယာယီပိတ်ထားခဲ့သော ကျောက်မျက်ရတနာများ ရောင်းဝယ်ရာ အဓိကနေရာများ ဖြစ်ကြသည့် ပန်းခြံထာပွဲ စျေးနှင့် မဏိမင်္ဂလာ ကျောက်မျက်ဈေးတို့ကို မြို့နယ် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးနှင့် အရေးပေါ် တုံပြန်မှုကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ခွင့်ပြုချက်တို့ဖြင့် ဒီဇင်ဘာ (၂၀) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။